တချို့သော အတန်းပိုင်ဆရာ၊ ဆရာမများအချို့သည် ကျူရှင်သင်ရာတွင် ဘာသာရပ်အစုံအတွက် တစ်ဦးတည်းသင်ကြားနေခြင်းမျိုးရှိနေရာ ကျန်သောဘာသာရပ်သင်ဆရာ၊ ဆရာမများမှာ မကျေနပ်မှု များဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း ဆရာမတစ်ဦးက ပြောသည်။
"ဆရာမတို့က ဒီလစာနဲ့မလောက်တော့ ကျူရှင်မသင်နဲ့ဆိုပေမယ့် သင်ရမှာပဲ။
ဆရာမတို့ကို ကျူရှင် မသင်စေချင်ရင် အာဆီယံစကေးနဲ့လစာပေး။ အဲ့ဒါဆိုမသင်ဘူး။
အခုကျူရှင်သင်လို့ပြဿနာဖြစ်၊ အတိုင်ခံနေကြရတာ အတန်းပိုင်တွေများတယ်။
သူတို့က ကိုယ်ရကိုယ်ယူစနစ်နဲ့ လုပ်နေကြတော့ မကျေနပ်တဲ့ ဆရာတွေက
တိုင်တာလဲခံရတယ်။ ကျောင်းသားမိဘတွေ မကျေနပ်လဲအတိုင်ခံရတယ်။
ဆရာတို့ဖြစ်စေချင်တာက ဝိုင်းကျူရှင်လုပ်ပြီးကိုယ့်ဘာသာရပ်ကို
ကိုယ်သင်လုပ်စေချင်တာ။ အဲ့ဒီလို ဆိုရင်ဘာပြဿနာမှမဟုတ်ဘူး။
ဆရာမတို့ဘာသာရပ်သင်တွေက ကျူရှင်မသင်ရဘဲကြားညှပ်နေရ တယ်။ ဒီကျူရှင်သင်တာလဲ
ပပျောက်စေချင်ပြီ။ အထက်ကလဲ ထိရောက်တဲ့ပြစ်ဒဏ်ထုတ်ပြီးတော့ တားစေချင်တယ်" ဟု
အခြေခံပညာအထက်တန်းပြဆရာမတစ်ဦးက ပြောသည်။
နိုင်ငံတော်မှချမှတ်ထားသည့်မူအရ ဆရာ၊ဆရာမများကျူရှင်သင်ကြားခွင့်မရှိသော်လည်း
လစာ မလုံလောက်မှုကြောင့် ကျူရှင်သင်ကြားခြင်းဖြင့် အပိုဝင်ငွေရရှိရန်
ကြိုးပမ်းနေရကာ ယင်း အတွက်ကြောင့် ပြဿနာဖြစ်၍ တိုင်ကြားခံရသူများထဲတွင်
အတန်းပိုင်ဆရာမများက အများ ဆုံးဖြစ်ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်၍ ဗဟန်းမြို့နယ်လက်ထောက်ပညာရေးမှူး
ဦးတင်ဖုန်းက "ဆရာအချင်းချင်း တိုင်ကြရင်တော့ ကျူရှင်ကိစ္စကြောင့်ပဲ၊
ပညာရေးမှူးရုံးကို ဒီကိစ္စရောက်လာပြီဆိုရင် အထက်ကိုပါ ရောက်မှာပဲ။
ကျူရှင်ပြဿနာက အရေးကြီးတယ်။ ဆရာ၊ ဆရာမတွေ အလုပ်တောင်ပြုတ်သွားနိုင်တယ်။
များသောအားဖြင့်တော့ ကျောင်းအုပ်ကိုတိုင်ကြတာများပါတယ်။ ကျောင်းအုပ်ကမှမနိုင်ရင် ပညာရေးမှူးရုံးအထိတက်လာတာ များတယ်" ဟုပြောသည်။
လက်ရှိကျူရှင်သင်သော ဆရာမများအတိုင်ခံရမှုအများဆုံးကိစ္စမှာ
ကျောင်းသားတစ်ဦး၏အမှတ်ကောင်း၊ မကောင်းပေါ်မူတည်ကြောင်း၊
ကျူရှင်မယူသောကျောင်းသားတစ်ဦး အမှတ်မကောင်းပါကလည်း
အတိုင်ခံရခြင်းမျိုးရှိကြောင်း သိရသည်။
အခြေခံပညာကျောင်းများတွင် စစ်ဆေးနေသော အခန်းဆုံးစစ်ဆေးခြင်းများ၏အဖြေလွှာများကို ဆရာ တစ်ဦးတည်း စစ်ဆေးခြင်းမရှိဘဲ ဝိုင်းကြီးချုပ်စစ်ဆေးခြင်းဖြင့်
စစ်ဆေးသည့်အတွက် ကျူရှင်ယူ လျှင် အမှတ်ကောင်းသည်ဟူသော အယူအဆမှာ
မှားယွင်းနေကြောင်း ဒဂုံမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ
ဆရာတစ်ဦးကလည်း ပြောသည်။
"ဆရာတို့ကျောင်းမှာ
အဲ့ဒီလိုစနစ်လုပ်ထားတာ ပြဿနာတော့ တော်တော်အေးတယ်။ ဒါတောင်မိဘတွေက
ကျူရှင်ယူတဲ့သူကမေးခွန်းရတယ်၊ မရဘူးပြောလာပြန်ရော။ ဆရာတွေကျူရှင် မသင်စေချင်
ရင်တော့ လစာလုံလောက်အောင် ပေးထားသင့်တယ်" ဟု ယင်းကပြောသည်။
The Yangon Times Daily
0 comments:
Post a Comment