Thursday, October 24, 2013

သင်္ဘောသားများ နိုင်ငံတကာဥပဒေကို နားလည်ရန် ပြုလုပ်မည်

သင်္ဘောသားများနှင့် ပတ်သက်သည့် နိုင်ငံတကာစံနှုန်းဥပဒေဖြစ်သည့် (MLC) Maritime Labour Convention- 2006 နှင့်ပတ်သက်၍ မြန်မာသင်္ဘောသားများ သိရှိနားလည်စေရန် နည်းလမ်းစုံအသုံးပြုသွားမည်ဖြစ်ကြောင်းမြန်မာသင်္ဘောများအဖွဲ့ချုပ် MSF မှ ဘဏ္ဍာရေးမှူး ဒေါက်တာရဲအောင်က ပြောကြားသည်။

မြန်မာသင်္ဘောသား MLC -2006 နှင့်ပတ်သက်သည့် စာအုပ်များရိုက်နှိပ်ဖြန့်စေခြင်းကိုလည်း အမြန်ဆုံး
ပြုလုပ်သွားမည်ဖြစ်ပြီး မီဒီယာများမှ တစ်ဆင့် အသိ
ပေးခြင်း၊ သင်္ဘောကုမ္ပဏီများမှတဆင့် ဖြန့် ဖြူးခြင်း များလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

“အခုဆို MLC- 2006 နဲ့ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲ
လုပ်တယ်။ အဲမှာတက်ရောက်လာတဲ့ လူတွေကနေ တစ်ဆင့် အသိပညာ ပြန်ဖြန့်ဝေ မှာပေါ့” ဟု ၎င်းက ပြောကြားသည်။

ယင်းဥပဒေကို ရှိပြီးသော နိုင်ငံတကာ သင်္ဘောသားအလုပ်အကိုင် ဥပဒေနှင့် ထုတ်ပြန်ချက်များကို လွယ်ကူရှင်းလင်းသည့် တစ်ခုတည်းသော ဥပဒေအဖြစ် ပြင်ဆင် ထားခြင်းဖြစ်ကြောင်း၊ သင်္ဘောသားများ၏ လုပ်ကိုင်နေထိုင်မှုအခြေအနေအား မြှင့်တင်နိုင်ရန် အဓိက ရည်ရွယ်
ထားကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

ထိုဥပဒေကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ချုပ်(ILO) မှ ၂၀၀၆ ခုနှစ်တွင်ထုတ်ပြန်ခဲ့သည်။

MLC- 2006 ဥပဒေအရ သင်္ဘောသားများအတွက် ငွေကြေးကုန်ကျမှုများ သက်သာစေသည့် အချက်များ၊ ပိုမိုကောင်းမွန်သည့် အာမခံစနစ် များ ပါဝင်သောကြောင့် သင်္ဘောသားများ အကျိုးရှိကြောင်းS.R.Shipping Co.Ltd မှ သင်္ဘောသားရေးရာ မန်နေဂျာဦးသန်းဝင်းက ပြောကြား သည်။

“သင်္ဘောသားတွေအတွက် Visa ကြေးလိုမျိုးတွေပေးစရာမလိုတော့ဘူး” ဟု ၎င်းက ပြောကြားသည်။

ကုမ္ပဏီများအနေဖြင့် သင်္ဘောလိုင်းများမှ အာမခံ ထားခြင်း၊မထားခြင်း၊ အာမခံထားပါက သက်တမ်းရှိခြင်း၊မရှိခြင်းတို့ကိုသေချာစွာ စစ်ဆေးရန်လိုကြောင်း ၎င်းကပြောကြားသည်။

နိုင်ငံတကာဥပဒေအရ ငွေကြေးကုန်ကျမှုအားသင်္ဘောပိုင်ရှင်မှ စိုက်ထုတ်ပေးရမည်ဆိုသည့် အချက်ပါဝင်သဖြင့် သင်္ဘောကုမ္ပဏီငယ်များ အနေဖြင့်ရပ်တည်ရန်ခက်ခဲကြောင်းလည်း သင်္ဘောလုပ်ငန်းရှင် များထံမှသိရသည်။

လူသစ်များအနေဖြင့် ပိုက်ဆံမစိုက်ထုတ်ဘဲ သင်္ဘောတက်ရန်မှာ မလွယ်ကူသေးကြောင်း၊ ကျောင်းဆင်းများ အတွက်သာ ဖြစ်နိုင်ကြောင်း သင်္ဘောသား လုပ်သက် သုံးနှစ်ရှိသူတစ်ဦးက ပြောကြားသည်။

ရေးသားသူ- ညဏ်လင်းထက်
People power

0 comments:

Post a Comment