Saturday, October 12, 2013

အဆောက်အအုံ ငှားရမ်းခ၊ စက်သုံးဆီနှင့် စားသောက်ကုန်ဈေး မြင့်တက်မှုကြောင့် ၂၀၁၃ ခုနှစ် သြဂုတ်လတွင် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်း ခုနစ်ရာခိုင်နှုန်း အထိ မြင့်တက်

8.1.1
အဆောက်အအုံ ငှားရမ်းခနှုန်း မြင့်တက်လျက်ရှိသော ရန်ကုန်မြို့၏ မြို့ပြအဆောက်အအုံ များအား တွေ့ရစဉ်
တိုက်ခန်းအပါအ၀င် တိုက်ခန်းများ၏ ငှားရမ်းခဈေးကြီးမှု၊ စက်သုံးဆီဈေး မြင့်တက်မှုနှင့် စားသောက် ကုန် ဈေးနှုန်းကြီးမြင့်မှုကြောင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်း ၂ ဒသမ ၈ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၃ ခုနှစ် သြဂုတ်လတွင် ခုနစ်ရာခိုင်နှုန်း အထိ မြင့်တက်လာကြောင်း ကမ္ဘာ့ဘဏ်၏ နှစ်လယ်ပိုင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ၂၀၁၂-၂၀၁၃ ၌ ငွေကြေးဖောင်းပွမှုနှုန်း ၂ ဒသမ ၈ ရာခိုင်နှုန်း ရှိခဲ့ရာမှ ပြင်ပမှ ငွေကြေးစီးဝင် မှုများကြောင့် ပြီးခဲ့သည့် လပိုင်းအတွင်း သိသိသာသာ မြင့်တက်လာကြောင်း ၂၀၁၂ ခုနှစ်၊ နှစ်စပိုင်းတွင် ငွေကြေးဖောင်းပွမှုနှုန်း အနည်းငယ်သာ ရှိခဲ့ရာမှ စားသောက်ကုန် ဈေးနှုန်းများ မြင့်တက်မှုကြောင့် ၂၀၁၂ ခုနှစ် ဇွန်လတွင် ၀ ဒသမ ၇၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် ခြောက်ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရသည်။
ထို့အတူ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလတွင် ငွေကြေးဖောင်းပွမှုနှုန်း တစ်ဖန်ပြန်လည် ကျဆင်းခဲ့ပြီး ဧပြီလတွင်မူ ၄ ဒသမ ၇ ရာ ခိုင်နှုန်းအထိ ပြန်လည်မြင့်တက် လာခဲ့ကာ မေလတွင် ၅ ဒသမ ၅ ရာခိုင်နှုန်းအထိ ရှိလာကြောင်း၊ သြဂုတ်လတွင်မူ ခုနစ်ရာခိုင် နှုန်းအထိ ရောက်ရှိလာကြောင်း၊ အဓိက အကြောင်းရင်းများမှာ အဆောက်အအုံ ငှားရမ်းခဈေးကြီး၊ စားသောက်ကုန်နှင့် စက်သုံးဆီ ဈေးနှုန်းများကြောင့် ဖြစ်ကြောင်း၊ ထို့အတွက် ၂၀၁၃-၂၀၁၄ ခုနှစ်၏ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းကို ၅ ဒသမ ၆ ရာခိုင်နှုန်း ရှိလိမ့်မည် ဟုမျှော်မှန်းထားကြောင်း အဆိုပါ စစ်တမ်းတွင် ဖော်ပြထားသည်။
''၂၀၁၃ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ ငွေကြေးလဲလှယ်နှုန်းမှာ ဥပမာ အမေရိကန် တစ်ဒေါ်လာ ပေါက်ဈေးက ကျဆင်းလာခဲ့တယ်။ တစ်ဒေါ်လာကို ကျပ် ၈၅၀ ၀န်းကျင် လောက်ကနေပြီးတော့ ကျပ် ၉၈၀ လောက်ထိ ဖြစ်သွားတယ်။ အခုတော့ ကျပ် ၉၆၅ လောက်မှာ ပြန်ပြီးတော့ ငြိမ်သွားပါတယ်။ ၂၀၁၃ ခုနှစ်ရဲ့ ပထမ ခြောက်လပတ်မှာ ငွေကြေးလဲလှယ်နှုန်းဟာ ၁၄ ရာခိုင်နှုန်းလောက် ကျဆင်း သွားပါတယ်။ ဒါကလည်း ငွေကြေး ဖောင်းပွမှု တစ်ခုပါပဲ။ နောက် တစ်ခုက စားသောက်ကုန်တွေလည်း အထိုက်အလျောက် တက်သွားတယ်။ ပြီးတော့ ဒေါ်လာဈေး တက်သွားတဲ့အတွက် စက်သုံးဆီဈေးလည်း လိုက်တက်သွားတယ်။ အဲဒီအတွက် မြန်မာနိုင်ငံ ရဲ့ ငွေကြေးဖောင်းပွမှုနှုန်းကို ကမ္ဘာ့ဘဏ်က ခန့်မှန်းတာကတော့ ၅ ဒသမ ၆ ရာခိုင်နှုန်း ရှိလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်'' ဟု စီးပွားရေး ပညာရှင် တစ်ဦးက ပြောကြားသည်။
ငွေကြေးဖောင်းပွမှု နှုန်းကို တွက်ချက်ရာ၌ ယေဘုယျအားဖြင့် စားသုံးသူ အညွှန်းကိန်း (Consumer Price Index) အပေါ်တွင်သာ မူတည်၍ တိုင်းခြင်းဖြစ်သည့် အတွက် မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်းကို ၅ ဒသမ ၆ ရာခိုင်နှုန်းဟု သတ်မှတ်သော်လည်း မြန်မာနိုင်ငံတွင် အိမ်ခြံမြေဈေး မြင့်တက်မှုနှင့် နှိုင်းယှဉ်ပါက ၁၀၀ ရာခိုင်နှုန်း မြင့်တက် သွားသည်ဟုပင် ဆိုနိုင်ကြောင်း သုံးသပ်ကြသည်။
''အိမ်ခြံမြေဈေး မြင့်တက်မှုက အဆမတန် ဖြစ်နေတယ်။ ပြီးခဲ့တဲ့ တစ်နှစ် နှစ်နှစ်က ကျပ်သိန်း ၁၀၀ ပေါက်တဲ့ မြေကွက်က ဒီနှစ် ကျပ်သိန်း ၂၀၀ ဖြစ်သွားနိုင်တယ်။ ကျပ်သိန်း ၃၀၀ လည်း ဖြစ်သွားနိုင်တယ်။ အဲဒီအပေါ်မှာ မူတည်ပြီးတွက်ရင် မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းဟာ အဆမတန် ဖြစ်သွားလိမ့်မယ်'' ဟု အိမ်ခြံမြေ အကျိုးဆောင် တစ်ဦးက ပြောကြားသည်။

Eleven

0 comments:

Post a Comment