Monday, October 7, 2013

နေပြည်တော်၊ ရန်ကုန်မြို့အပြင် တစ်နိုင်ငံလုံး အတိုင်းအတာအရ လူသတ်မှု ၁၀၇ မှု အပါအ၀င် အမှုကြီး ငါးခုမှ ဖြစ်စဉ် ၂၀၀၀ ကျော် စက်တင်ဘာလအတွင်း ဖြစ်ပွား

စက်တင်ဘာလအတွင်း နေပြည်တော်၊ ရန်ကုန်မြို့အပြင် တစ်နိုင်ငံလုံး အတိုင်းအတာအရ လူသတ်မှု ၁၀၇ မှု အပါအ၀င် အမှုကြီး ငါးခုမှ ဖြစ်စဉ် ၂၀၀၀ ကျော် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယင်းသို့ အမှုကြီး ငါးခုအဖြစ် လူသတ်မှု၊ မုဒိမ်းမှု၊ ခိုးမှု၊ နာကျင်စေမှု၊ ယာဉ်တိုက်မှုများအဖြစ် သတ်မှတ်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရန်ကုန်၊ နေပြည်တော်နှင့် တိုင်းနှင့်ပြည်နယ် ၁၃ ခုတွင် လူသတ်မှု ဖြစ်စဉ်၌ ရခိုင်ပြည်နယ်မှာ ၂၁ မှုဖြင့် အများဆုံး ရှိခဲ့ပြီး စစ်ကိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ၁၂ မှုစီဖြင့် ဒုတိယ အများဆုံး တည်ရှိနေကြောင်း သိရသည်။

သို့သော် ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့မှာ လူသတ်မှု မရှိဘဲ မကွေးတိုင်းနှင့် ကရင်ပြည်နယ် တို့တွင်လည်း နှစ်မှုနှင့် သုံးမှုစီသာ ဖြစ်ပွားခဲ့သည်။

မုဒိမ်းမှုဖြစ်စဉ် ပိုမိုများပြားနေသော ရန်ကုန်တိုင်း ဒေသကြီးမှာ ၁၁ မှုဖြင့် ထိပ်ဆုံးတွင် ရှိနေပြီး ရခိုင်နှင့် ဧရာဝတီ တိုင်းတို့တွင် ရှစ်မှုစီဖြင့် ဒုတိယနေရာသို့ ရောက်ရှိနေသော်လည်း ကယားနှင့် ချင်းပြည်နယ်တို့တွင် မုဒိမ်းမှုဖြစ်စဉ် မရှိခဲ့ပေ။

ရန်ကုန်တိုင်း ဒေသကြီးမှာ ခိုးမှုဖြစ်စဉ်တွင် ၁၀၈ မှုဖြင့် အများဆုံး နေရာတွင် ရပ်တည်နေကြောင်း၊ မန္တလေးတိုင်းမှာ ၄၂ မှု၊ ဧရာဝတီတိုင်းတွင် ၃၃ မှုဖြင့် ဒုတိယနှင့် တတိယ နေရာများတွင် ရှိနေကြောင်း သိရသည်။

ယာဉ်တိုက်မှုနှင့် နာကျင်မှု တို့တွင်လည်း ရန်ကုန်တိုင်း ဒေသကြီးတွင် ၁၇၆ မှုနှင့် ၂၅၇ မှုတို့ဖြင့် ဖြစ်စဉ်အများဆုံး ရပ်တည်နေပြီး မန္တလေးနှင့် ပဲခူးမြို့တို့သည် ဒုတိယ နေရာတွင် ရှိနေကြောင်း သိရသည်။

၂၀၁၃ ခုနှစ် စက်တင်ဘာက မြန်မာနိုင်ငံအတွင်း အမှုကြီး ငါးမှုတွင် လူသတ်မှု ၁၀၇ မှု၊ မုဒိမ်းမှု ၅၇၊ ခိုးမှု (ငါးမျိုး) ၄၂၅ မှု၊ နာကျင် (ရိုးရိုး) ၄၉၅ မှုနှင့် ယာဉ်တိုက်မှု ၁၀၈၉ မှုဖြင့် စုစုပေါင်း အမှု ၂၁၇၃ ရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။ 


Eleven

(စက်တင်ဘာလ အတွင်းက ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်တွင် ဆိုင်ကယ်သုံးစီးအား ခိုးယူသူအား သက်သေခံ ပစ္စည်းများနှင့်အတူ တွေ့ရစဉ် (ပုံ- မြန်မာနိုင်ငံ ရဲတပ်ဖွဲ့))

0 comments:

Post a Comment