Wednesday, October 30, 2013

ယူနိုက်တက် အတွက် အလွန်အမင်း အောင်ပွဲ ခံရမည့် အခြေအနေ မဟုတ်သေးဟု လက်ထောက် မန်နေဂျာ ပြောကြား

မန်ချက်စတာ ယူနိုက်တက် အတွက် အလွန်အမင်း ပျော်ရွှင်စရာ အချိန် မဟုတ်သေးဟု အသင်း လက်ထောက် မန်နေဂျာ စတိဗ်ရောင်းက ပြောကြားလိုက်သည်။
ယူနိုက်တက်သည် အိုးလ်ထရက်ဖို့ဒ်တွင် ကစားသည့် Capital One ပွဲစဉ်၌ နောဝှစ်ခ်ျစီးတီး အသင်းကို (၄-၀)ဖြင့် အနိုင် ရခဲ့ပြီး ယင်းသည် မန်နေဂျာ ဒေးဗစ်မိုယက်စ် လက်ထက် တရားဝင် ပြိုင်ပွဲ တစ်ခုတွင် ရလဒ် အပြတ်သားဆုံး
စွမ်းဆောင်ရည်လည်း ဖြစ်လာသည်။ ရလဒ်များ ယိမ်းယိုင်နေသည့် အတွက် ဖိအားဒဏ် ခံနေရသော ယူနိုက်တက် အတွက် ဟာဗီးယား ဟာနန်ဒက်ဇ်က (၂)ဂိုးသွင်းပေးခဲ့သလို လူငယ်များ ဖြစ်သည့် ဝီလ်ဖရိုက်ဒ်ဇာဟာနှင့် အက်ဒ်နန် ဂျနူဇက်ဂ်ျတို့လည်း ခြေစွမ်းပြ ကစားနိုင်ခဲ့ရာ ပရိသတ်များ အားတက် ကျေနပ်စရာ ဖြစ်လာခဲ့သည်။

ရောင်းက ယခုရလဒ်သည် စိတ်ဓာတ်ရေးရာ မြှင့်တင်မှု တစ်ခုအဖြစ် လက်ခံခဲ့သော်လည်း ယင်းအပေါ် သာယာနေ၍ မရကြောင်း သတိပေးခဲ့သည်။ "ယူနိုက်တက်ဟာ အနိုင် ပွဲတွေနဲ့ ရင်းနှီးနေတဲ့ အသင်းပါ။ အနိုင်လိုချင်စိတ်လည်း သိပ်ကို ထက်သန်ပါတယ်။ စနေနေ့က ပွဲစဉ်အပြီးမှာ ကျွန်တော်တို့ အတွက် ကြီးမားတဲ့ အောင်ပွဲခံမှုမျိုး မရှိခဲ့ပါဘူး။ နောဝှစ်ခ်ျနဲ့ ပွဲအပြီးမှာလည်း တူတူပါပဲ။ ကျွန်တော်တို့ဟာ လာမယ့် စနေနေ့မှာ ဖူလ်ဟမ်နဲ့ ပွဲကစားဖို့ ရှိပါတယ်။ ယူနိုက်တက်ဟာ အမှတ်ပေး ပြိုင်ပွဲတွေမှာ ပုံစံကောင်း ပြန်ရဖို့ လိုအပ် နေပါပြီ။ အသင်း အနေနဲ့လည်း ဒီအပိုင်းမှာ အကောင်းဆုံး စွမ်းဆောင် နိုင်ပါလိမ့်မယ်" ဟု ရောင်းက ဆိုသည်။

၎င်းက ဆက်လက်၍ "အိုးလ်ထရက်ဖို့ဒ်မှာ (၄-၀)နဲ့ နိုင်တယ် ဆိုတာကတော့ ကောင်းမွန်တဲ့ အတွေ့အကြုံ တစ်ရပ်ပါ။ လူငယ်လေးတွေ ပါဝင်ကစားပြီး ဒီလိုရလဒ် ထွက်ပေါ်လာတာကို ကျေနပ်မိပါတယ်။ ဇာဟာအနေနဲ့ ပွဲထွက်ခဲ့ပြီး အကောင်းဆုံး ကစားနိုင်တာကို ကျွန်တော် ပျော်ပါတယ်။ ဒါဟာ သူ့အပေါ် တစ်ကမ္ဘာလုံးက စောင့်ကြည့်နေချိန်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ် တိုးပွား လာစေမှာ ဖြစ်ပါတယ်။ နောက်ပြီး၊ ဂျနူဇက်ဂ်ျပေါ့။ သူ့ရဲ့ တက်လှမ်းပုံက တစ်ဆင့်ပြီး တစ်ဆင့် ပိုပို ကောင်းလာပါတယ်။ ကျွန်တော်တို့ဟာ ဂျနူဇက်ဂ်ျကို ညာတောင်ပံ၊ ကွင်းလယ်တိုက်စစ်နဲ့ ဘယ်တောင်ပံတွေမှာ ပြောင်းလဲတွေ့မြင်ခဲ့ရပြီးပြီ။ မနှစ်က အရန်အသင်း နည်းပြက ဂျနူဇက်ဂ်ျဟာ တိုက်စစ် မြားဦးမှာ အကောင်းဆုံး ကစားနိုင်တာ ဖြစ်တဲ့အကြောင်း ပြောဖူးပါတယ်။ ဒါကြောင့် သူဟာ အဲဒီ(၄)နေရာလုံး ပိုင်နိုင်သူလို ဆိုရမှာပါ။ ဒါပေမဲ့ သူက အသက် ငယ်လွန်းသေးတယ်။ နေရာစုံ ကစားရင်း အတွေ့အကြုံ တိုးပွားလာဖို့ ဆိုတဲ့နေရာမှာ ကျွန်တော်တို့က သူ့ကို အထိန်းအကွပ်နဲ့ ကူညီဖို့ လိုပါတယ်" ဟုလည်း မှတ်ချက်ပြု သွားသည်။
Ref:skysport

0 comments:

Post a Comment