Friday, October 25, 2013

အပေါ်နဲ့ အောက်သာ တိုက်ပေးပါ

မေး။ ။ ဒေါက်တာစွမ်းရှင့် ကျွန်မက သွားမကြာခဏ ကိုက်တတ်ပါတယ်။

သွားကိုက်တိုင်းလည်း မျက်နှာ တစ်ခုလုံး ရောင်ရမ်းပြီး ဆိုးဝါးစွာ ကိုက်ခဲနာကျင် နေတတ်ပါတယ်။ ဒါကြောင့် သွား မကြာခဏ မကိုက် အောင်နဲ့ အရမ်း သွားကိုက်လာပြီ ဆိုလျှင် ဘယ်လိုလုပ်ရ မလဲလို့ ပြောပြပေးပါ ဆရာ။ (ကျွန်မက ပုံမှန် သွား တိုက်လေ့တော့ ရှိပါတယ်။)

မအိခင် (စမ်းချောင်း)


ဖြေ။ ။ မအိခင် ကြုံနေရတဲ့ ပြဿနာကတော့  ကနေ့မြို့နေလူထုမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သမားရိုးကျ ပြဿနာပါ။ ကနေ့ခေတ် အစားအစာတွေမှာကိုက အချိုကဲတာ များနေတတ်တာကြောင့် မြို့နေ လူတန်းစား ရဲ့သွားပြဿနာဟာ ထူးခြားလှတယ်တော့ မဟုတ်တော့ပါဘူး။ ဒါကြောင့် ဖြစ် လည်းဖြစ်နိုင်၊ ခက်လည်း မခက်ခဲတဲ့ Care လုပ်နည်းလေးတွေ ပေးလိုပါတယ်။ သွား မကြာခဏ မကိုက်ဖို့ သွားတွေကို ဂရုစိုက်ဖို့ လိုပါတယ်။


(၁) အစာစားပြီးတိုင်း ပလုတ်ကျင်းတဲ့ အကျင့် လုပ်ပါ။ ဒါမှသာ အချဉ်ဓာတ်က ရေထဲပါသွားပြီး ပါးစပ်ထဲမှာ သန့်ရှင်းနေမှာပါ။


(၂) အအေးသောက်တဲ့အခါ ကျဉ်တဲ့သွားရှိလျှင် သွားဆေးခန်းသွားပြီး အမြန်ဆုံးဖာပါ။


(၃) သွားတိုက်တဲ့အခါ ကန့်လန့်ဖြတ် သွားတိုက်နည်းထက် စနစ်ကျသော အပေါ်အောက် တိုက်နည်းကို လေ့ကျင့်ပါ။ စနစ်တကျ သွားတိုက်နည်း ဆိုတာကတော့ သွားတိုက်ဆေးကို သွားအတွင်း အနှံ့အပြား ရောက်တဲ့အထိ (၃/၄) မိနစ်လောက် အပေါ်အောက် အကုန်တိုက်ပါ။ ပြီး ခေတ္တ စောင့်ပါ။ အဲဒီလို စောင့်ပြီးမှ သွား ပြန်တိုက်လျှင် သွားထဲမှာ ရှိတဲ့ အညစ်အကြေးတွေ အလွယ်တကူနှင့် မြန်မြန် ထွက်သွားနိုင်ပါတယ်။


(၄) သွားအခြေကို သွားတိုက်ရင်း သွေးထွက်လာခဲ့မယ် ဆိုရင်တော့ သွားဆေးခန်းကို အမြန်သွားရောက် ပြသ ပါ။ သွေးထွက်ခြင်းဟာ သွားအခြေမှာရှိတဲ့ ကျောက်ကြောင့်ပါ။


(၅) အစာကို ကျေညက်စွာ ဝါးစားပါ။ အလောတကြီးနဲ့ ကျေညက်အောင် မဝါးစားလျှင် သွားမသန့်ဘဲ ဗိုက်နာ ဗိုက်အောင့်ခြင်းတွေ ဖြစ်ပွားတတ်ပါတယ်။


(၆) အိပ်ရာဝင် အိပ်ရာထ ပုံမှန် သွားတိုက်ပေးပါ။ သွား ခိုင်ခံ့စေဖို့ ဗီတာမင်ဒီနှင့် ထုံးဓာတ်ပါတဲ့ ငါးကလေးများ စားသုံးပြီး နွားနို့ သောက်ပေးပါ။ သွား အရမ်းကိုက်လာရင်တော့ (၁) ပူလွန်း၊ အေးလွန်းတဲ့ အစားအစာတွေကို ရှောင်ပါ။ (၂) ဆားရည်နေါးနွေးနဲ့ ပလုတ်ကျင်းပါ။ (၃) သွားအပေါက်ကြောင့် နာကျင်ခြင်း ဖြစ်ပါက အပေါက်ထဲ ကို လေးညှင်းဆီထည့်ပါ။ (နီးစပ်ရာ မြန်မာ ဆေးဆိုင်များတွင် ရရှိနိုင်ပါတယ်။) (၄) ပါရာစီတမောကဲ့သို့ အကိုက်အခဲပျောက် ဆေးများ သောက်ပေးပါ။ (၅) အရည်အသွေး ကောင်းတဲ့သွား တိုက်ဆေး သုံးပါ။ အရေးကြီးဆုံး အခြားအချက် များကတော့ အိပ်ရာထ၊ အိပ်ရာဝင် စနစ်ကျစွာ သွား တိုက်ဖို့ပါ။ နှစ်လ၊ သုံးလတစ်ခါ သွားပွတ်တံ လဲပေးပါ။ သွားကြို၊ သွားကြား သန့်ရှင်းဖို့ ကြိုး (သို့) တိပ်သုံးပါ။ သွားတိုက်တဲ့ အခါ သွားပွတ်တံ နုနုနဲ့ သွားခြေရှိ သွားဖုံးသား နေရာကို သေချာစွာ တိုက်ပါ။ စားကြွင်းစားကျန်တွေ သွားထဲမကျန်ဖို့ နေ့စဉ်ကြိုးသုံးပြီး သွားကြားထိုးပါ သမီးရေ လို့ ဖြေကြားရင်း သမီး မအိခင် မကြာခဏ သွားမကိုက်ဖို့ သွားပုလဲသွယ် ရောဂါမကြွယ်ဖို့ ဖြေကြား ပေး လိုက်ပါတယ် ခင်ဗျာ။ ။

GOOD HEALTH

0 comments:

Post a Comment