Monday, October 7, 2013

စည်းကမ်း ဖောက်ဖျက်ယာဉ်များ လှည့်ကင်းစနစ်ဖြင့် ဖမ်းဆီး၍ တောင်ငူ တွင် သေဆုံးမှု ထက်ဝက် လျော့ဟုဆို

စည်းကမ်း ဖောက်ဖျက်သည့် မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များကို လှည့်ကင်း စနစ်ဖြင့် ဖမ်းဆီး အရေးယူမှုကြောင့် ယာဉ်တိုက်မှု များတွင် လူသေဆုံးမှု ထက်ဝက် ကျဆင်း ခဲ့ကြောင်း တောင်ငူ ခရိုင် ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။

ယခုနှစ် သြဂုတ်လတွင် ၁၁၁၆ မှု နှင့် စက်တင်ဘာလတွင် ၉၂၀ မှု ဖမ်းဆီး အရေးယူ ခဲ့ကြောင်း ၊ သြဂုတ်လတွင် ယာဉ်မတော် တဆ ဖြစ်ပွားမှု ၇၀ ရှိပြီး ဒဏ်ရာရသူ ၉၆ ဦး၊ သေဆုံးသူ ၁၄ ဦး၊ စက်တင်ဘာလတွင် ယာဉ်မတော်တဆမှု ၅၂ ကြိမ်ဖြစ်ပွား ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၇၆ ဦး၊ သေဆုံးသူ ရှစ်ဦးသာ ရှိကြောင်း တောင်ငူခရိုင် ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။

အဆိုပါ ယာဉ်များကို လှည့်ကင်း စနစ်ဖြင့် ဖမ်းဆီးအရေးယူမှုများ တိုးလာပြီး ယာဉ် မတော်တဆ မှုနှင့် လူသေဆုံးမှု လျော့နည်း ကျဆင်းခဲ့ကြောင်း၊ အပတ်စဉ် ခရိုင်တွင်းရှိ ကျောင်းများ၊ ရပ်ကွက် များတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်သည့် ပညာပေး ဆွေးနွေးပွဲများကို ဆောင်ရွက်လျက် ရှိကြောင်း တောင်ငူခရိုင် ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“အရင်က ဖမ်းတဲ့နေရာနှစ်ခုပဲ ရှိတာ။ ခုတော့သူတို့က ဆိုင်ကယ်တွေနဲ လှည့်ပြီး လိုက်ဖမ်းနေ တာဆိုတော့ ဦးထုပ် မဆောင်းဘဲ မနေရဲတော့ဘူး။ တရားခံဖမ်းသလို ဇွတ်အတင်း လိုက်ဖမ်းတာ ကတော့ မသင့်တော်ဘူး” ဟု တောင်ငူမြို့တွင် နေထိုင်သူ အသက် ၃၈ နှစ်ခန့်ရှိသူ အမျိုးသား တစ်ဦးက ပြောကြားသည်။ ယခင် အထိုင်စနစ်ဖြင့် ယာဉ်စည်းကမ်း ဖောက်ဖျက်သူများကို အရေးယူ ခဲ့စဉ်က ဧပြီလမှ ဇွန်လအထိ သုံးလတာ ကာလတွင် အမှုပေါင်း ၁၇၂၃ မှုသာ ဖမ်းဆီး အရေးယူနိုင် ခဲ့သော်လည်း ဇူလိုင်လမှစ၍ လှည့်ကင်းစနစ်ဖြင့် ဖမ်းဆီး ခဲ့ရာ စက်တင်ဘာလအထိ အမှုပေါင်း ၂၈၃၀ အထိ အရေးယူနိုင် ခဲ့ကြောင်း တောင်ငူမြို့နယ် ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ ရဲအုပ်မောင်မောင်တာက ပြောကြားသည်။

တောင်ငူခရိုင်တွင်းရှိ မြို့နယ် ခြောက်ခုတွင် တရားဝင် လိုင်စင်ရှိ မော်တော်ဆိုင်ကယ်နှင့် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် အစီးရေ တစ်သိန်းကျော်ခန့် ရှိကြောင်း တောင်ငူခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရှိ ရသည်။

ဆိုင်ကယ်များကို အရေးယူရာတွင် ဆိုင်ကယ်ကို လူသုံးဦးစီးခြင်း၊ ဆိုင်ကယ်စီး ဦးထုပ် မဆောင်းခြင်းတို့ကြောင့် ဖမ်းဆီး အရေးယူမှု အများဆုံး ဖြစ်ကြောင်း တောင်ငူမြို့တွင် နေထိုင်သူ များထံမှ သိရှိရသည်။

Myanmar Forward

0 comments:

Post a Comment