Friday, October 4, 2013

တစ်ဦးလျှင် ငါးရာကျပ်ပေးပြီး ရွှေသောင်ယံဒေသခံတို့ ဖုန်းကတ် မဲနှိုက်ခဲ့ရ

အစိုးရက မဲစနစ်ဖြင့် လစဉ်ရောင်းချပေးနေသည့် တန်ဖိုးနည်း ဖုန်းကတ်များကို ဧရာဝတီတိုင်း၊ရွှေသောင်ယံမြို့နယ်ခွဲရှိ ဘောမိအုပ်စုဒေသခံများမှာ ယခုလအတွက် ဖုန်းကတ်များကို တစ်ဦးလျှင် ငါးရာကျပ်ပေးပြီး မဲနှိုက်ခဲ့ရသည်ဟု ယင်းဒေသခံများက မဇ္ဈိမသို့ ပြောဆိုကြသည်။


“အဲ့ဒီလိုပေးရတော့ တချို့တွေက ကျေနပ်မှုမရှိတော့ မနှိုက်ကြဘူး။ ကျွန်တော်တို့ရွာမှာ အိမ်ခြေ ၃၀၀ လောက်ရှိတာ ၁၄၁ ဦးပဲနှိုက်တယ်။ အခုမပေါက်တဲ့သူတွေ နောက်လတွေလည်း ငါးရာ၊ငါးရာနဲ့ ထပ်ပေးရရင် ဘယ်လွယ်မလဲဗျာ” ဟု ငါးရာကျပ်ပေးပြီး ကိုယ်တိုင် ဖုန်းကတ်မဲနှိုက်ခဲ့သည့် ဦးဌေးမင်းက ပြောသည်။

ထိုဒေသတွင် တန်ဖိုးနည်းဖုန်းကတ်များ ခွဲတမ်း နှစ်ကြိမ်သာ ရရှိသေးပြီး ယခုလခွဲတမ်းတွင် ထိုကဲ့သို့ တစ်ဦးလျှင် ငါးရာကျပ် ပေးခဲ့ကြရခြင်းဖြစ်သည်။

ထိုဒေသတွင် ဖုန်းကတ်များကို အုပ်ချုပ်ရေးပိုင်းက မဲနှိုက်ပေးခြင်း မဟုတ်ဘဲ ဒေသဖွံ့ဖြိုးရေးကော်မတီမှ မဲဖောက်ပေးခြင်းဖြစ်ပြီး ထိုကော်မတီ၏ လမ်းစရိတ်နှင့် စာရွက်စာတမ်းအတွက် ဒေသခံများ တစ်ဦးလျှင် ငါးရာကျပ်ပေးခဲ့ရခြင်းဖြစ်သည်ဟု ဘောမိကျေးရွာအုပ်စုရှိ ဂျိတ်လက်ရွာမှ ဆယ်အိမ်မှူး ဦးတင်လင်းက ရှင်းပြသည်။

၎င်းတို့ အုပ်ချုပ်ရေးပိုင်းကမူ ဖုန်းကတ်လျှောက်ထားသူများကို ဒေသခံဟုတ်၊ မဟုတ်နှင့် ဖုန်းကတ်ရထားပြီးသူ ဟုတ်၊ မဟုတ်ကိုသာ စိစစ်ပေးရသည်ဟု သူက ဆိုသည်။

“ဒေသဖွံ့ဖြိုးရေးကနေပြီးတော့ တစ်ယောက်ကို ငါးရာနဲ့ ကောက်ခံတယ်။ တကယ်လို့များ တက်လာတဲ့ လူအရ ပိုနေရင် ကျွန်တော်တို့ အုပ်စုမှာ ခြောက်ရွာရှိတယ်။ ပိုရင် အဲ့ဒီခြောက်ရွာကို ဒေသဖွံ့ဖြိုးရေးအတွက် မျှသုံးမယ်ပေါ့လေ”ဟု ဦးတင်လင်းက ပြောသည်။

ဘောမိကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ခြောက်ရွာတွင် ယခုလအတွင်း ဆင်းကတ် လျှောက်ထားသူ ၄၀၀ ဦး ခန့်ရှိရာ တစ်ဦးလျှင် ၅၀၀ ကျပ်နှုန်းပေးရသည့်အတွက် စုစုပေါင်း ငွေနှစ်သိန်းရရှိသည့် သဘော ဖြစ်သည်။

ယခုလအတွက် ဘောမိအုပ်စုတွင် #GSM ဖုန်းကတ်ပေါင်း ၂၀ တိတိ ခွဲတမ်းရရှိသည်ဟု ဒေသခံများက ပြောဆိုသည်။

အဆိုပါ ဒေသခံတစ်ဦးဖြစ်သည့် ကိုနေဇော်ထက်ကလည်း ” နိုင်ငံတော်က ချပေးတဲ့ဟာကို ဒီလို ခုတုံးလုပ်ပြီး တောင်းတော့ စိတ်လည်းမကောင်းဘူး။ ကျေလည်း မကျေနပ်ဘူးပေါ့ဗျာ။ အဲ့ဒါကြောင့် ပေးလည်း မပေးဘူး။ သွားလည်း မနှိုက်ဘူး”ဟု သူက ပြောသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး ဒေသဖွံ့ဖြိုးရေကော်မတီသို့ မဇ္ဈိမအနေဖြင့် ဆက်သွယ်၍ မရရှိခဲ့ပေ။ ထိုကဲ့သို့ ဖုန်းကတ် မဲနှိုက်ရန် ငါးရာကျပ် ပေးရသည့် ကျေးရွာများမှာ ဘောမိကျေးရွာအုပ်စုအတွင်းရှိ ဘောမိရွာ အပါအ၀င် ဂျိတ်လက်ရွာ၊ မီးလောင်ဂျိုင်ရွာ၊ တောင်နီမော်ရွာ၊ ခြောက်အိမ်စုရွာနှင့် ပြာတိုက်ရွာတို့ ဖြစ်သည်။

လစဉ် မဲဖောက်ရောင်းချပေးသည့် ဖုန်းကတ်များကို အုပ်ချုပ်ရေးမှူးအချို့က ခွဲတမ်း ရရှိထားသလောက် ရောင်းချပေးခြင်းမရှိဘဲ ထိန်ချန်ကာ ပြင်ပသို့ ရောင်းချနေကြောင်း တိုင်ကြားစာများ ရရှိထားသည်ဟု လမ်းမတော်မြို့နယ်မှ တိုင်းအမတ်ဦးစိုးဝင်းက ပြီးခဲ့သည့်လက ရန်ကုန်တိုင်းလွှတ်တော်တွင် မေးခွန်းထုတ်ခဲ့သည်။

Mizzima - News in Burmese

0 comments:

Post a Comment