Wednesday, October 23, 2013

ကျပ်သိန်းသုံးသောင်းကျော်ဖိုး ကားစလစ်လိမ်လည်သူ ကြိုးဆွဲချသတ်သေ

မန္တလေး ကားဈေးကွက်အတွင်း အရောင်းအဝယ် ပိုမိုအေးစက်သွားသည်အထိ ဖြစ်ပေါ်ခဲ့သော ငွေကျပ်သိန်းပေါင်း သုံးသောင်းကျော် လိမ်လည်မှုကြောင့် အမှုဖွင့်ခံထားရသူ ဦးကျော်ခိုင်စိုးသည် စိတ်ဖိစီးမှုများ၍ အောက်တိုဘာလ ၂၁ ရက်နေ့ နံနက် ၅ နာရီ ၃၀ တွင် ၎င်း၏ နေအိမ်တွင်ပင် ကြိုးဆွဲချ သတ်သေ ခဲ့ကြောင်း သေဆုံးသူ၏ ယောက်ဖဖြစ်သူ ဦးဇော်ဝင်းက The Voice သို့ ပြောကြားသည်။

ဦးကျော်ခိုင်စိုးသည် နေအိမ်ဧည့်ခန်း အတွင်းရှိ မျက်နှာကြက်တွင် ပန်ကာတပ်ရန် ပြုလုပ်ထားသော သံချိတ်တွင် ပလတ်စတစ် ကျစ်ကြိုးဖြင့် ထိုင်ခုံ သုံးခုံပေါ်တက်၍ ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ချမ်းအေးသာစံမြို့နယ် ဂေါဝန်ဆိပ်အနီးရှိ ခြံတစ်ခြံတွင် ယခုနှစ်ဧပြီလမှ သြဂုတ်လကုန်အထိ ငါးလကြာ ကာလအတွင်း ကားအရောင်းအဝယ် ပြုလုပ်ကြရာမှ တစ်ဦးတည်းက ငွေကျပ်သိန်းပေါင်း သုံးသောင်းကျော် လိမ်လည်သွားခဲ့မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူ ကျော်ခိုင်စိုး (၄၃) နှစ်နှင့် ၎င်း၏ ဇနီးတို့အား ငွေကျပ်သိန်း ၁၁၂၅၇ ဒသမ ၉ အား လိမ်လည်မှုဖြင့် သက်ဆိုင်ရာ နယ်မြေရဲစခန်း အမှတ် ၆ တွင် (ပ) ၃၈၂/၂၀၁၃ ပြစ်မှုပုဒ်မ ၄၂၀ အရ အမှုဖွင့်၍ တိုင်တန်းခဲ့ရာ အောက်တိုဘာလ ၁၁ ရက်နေ့ ၁၀ နာရီအချိန်တွင် လာရောက် အဖမ်းခံခဲ့ပြီး အဆိုပါစခန်းက ယင်းနေ့ မွန်းလွဲ ၃ နာရီ အချိန်ခန့်တွင် အာမခံပေးထားခြင်း ခံထားရသူတစ်ဦး ဖြစ်ကြောင်း အဆိုပါရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ကျွန်တော်တို့လည်း ဘာမှမသိရပါဘူး။ ဒီနေ့မနက်ခင်းမှာ သူနဲ့အတူအိပ်တဲ့ သူ့တပည့်လေးကသိလို့ ရဲတွေခေါ်ပြီး အကြောင်းကြားရတာပါ။ သူက ငွေအကျပ် ရိုက်သွားတော့ စိတ်ကယောင်ချောက်ချားတွေ ဖြစ်ပြီး လုပ်သွားတာထင်တယ်။ စိတ်ဖိစီးမှုကလည်း တော်တော်များတယ်။

တခြား ကားအရောင်းအဝယ် သမားတွေကိုတော့ ဘယ်လိုမှ လုပ်မပေးတော့ဘူး၊ ကာယကံရှင်က သေသွားပြီးလေ” ဟု သေဆုံးသူနှင့် ယောက်ဖ တော်စပ်သူ ဦးဇော်ဝင်းက ဆိုသည်။

ဦးကျော်ခိုင်စိုးသည် ကားအရောင်းအဝယ် ပြုလုပ်ရာတွင် ငွေအကျပ် ရိုက်သွားပြီး နစ်နာသော ကားအရောင်းအဝယ် သမားများကို ပြေလည်အောင် လုပ်ဆောင်ပေးသွားမည် ဟု အောက်တိုဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၃ နာရီ အချိန်ခန့်က The Voice သို့ ပြောကြားထားခဲ့သည်။

“အစ်ကိုတို့ သူ့ကို စခန်းကနေ ဝန်ခံပြီး ပြန်လာတဲ့ နေ့မှာကတည်းက သူနဲ့ဆက်သွယ်လို့ မရဘူး။ အခုကုမ္ပဏီနဲ့ ဆက်သွယ်ထားတယ်။ သူ့ရဲ့မိသားစုကလည်း လုပ်ပေးသွားမယ်လို့ မထင်ပါဘူး။ ကုမ္ပဏီနဲ့ညှိပြီး လုပ်သွားရမှာပဲ” ဟု ဦးကျော်ခိုင်စိုးထံမှ ကားသုံးစီး ဝယ်ယူထားသူ ဦးကျော်သူဆွေထွန်းက ဆိုသည်။

ငွေကျပ်သိန်းပေါင်းများစွာ လိမ်လည်မှုဖြင့် အမှုဖွင့်ခံထားရသော ထိုသူမှာ သက်ဆိုင်ရာ နယ်မြေစခန်း အမှတ် (၆) ရဲစခန်းသို့ လာရောက် အဖမ်းခံကာ ကားအရောင်းအဝယ်ကိစ္စနှင့် ပတ်သက်၍ နစ်နာ သူများကို ပြန် လည် ဖြေရှင်းပေး သွားမည်ဟု ဝန်ခံထားသူတစ်ဦး ဖြစ်ကြောင်း မဟာအောင်မြေ မြို့နယ်ရှိ အမှတ် (၆) ရဲစခန်းမှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။

The Voice Weekly

0 comments:

Post a Comment