Wednesday, September 4, 2013

အာဆီယံ-တရုတ် ကုန်သွယ်ရေးတွင် မြန်မာနိုင်ငံ၏ ပါဝင်မှု အချိုးအစားသည် တစ်ရာခိုင်နှုန်းကျော်သာရှိကြောင်း နိုင်ငံတော်သမ္မတ ပြောကြား

၂၀၁၂ ခုနှစ်တွင် မြန်မာ-တရုတ်နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏသည် အမေရိကန်ဒေါ်လာ ၆ ဒသမ ၅ ဘီလျံ ရှိသော်လည်း အာဆီယံ-တရုတ် ကုန်သွယ်ရေးတွင် မြန်မာနိုင်ငံ၏ ပါဝင်မှု အချိုးအစားသည် တစ်ရာ ခိုင်နှုန်းကျော်သာရှိကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

စက်တင်ဘာ ၃ ရက်က တရုတ်နိုင်ငံ၊ နန်နင်းမြို့တွင် ပြုလုပ်သည့် (၁၀) ကြိမ်မြောက် အာဆီယံ-တရုတ် ကုန်စည်ပြပွဲ၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောကြားရာတွင် ယခုကဲ့သို့ ထည့်သွင်းပြောကြား ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က "ယခုနှစ်ဆိုလျှင် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး ကျင်းပခဲ့သည်မှာ ၁၀ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ ထို့ပြင် ယခုနှစ်သည် အာဆီယံ-တရုတ် မဟာဗျူဟာမြောက် ဆက်ဆံရေး ထူထောင်ခြင်း ၁၀ နှစ်ပြည့် အထိမ်းအမှတ်နှင့် တိုက်ဆိုင်နေသည့်အတွက် အာဆီယံ-တရုတ် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး မြှင့်တင် ရာတွင် အလွန်အရေးပါသည့် နှစ်ဖြစ်ပါကြောင်း၊ မိမိတို့ဒေသသည် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၏ ဗဟိုချက် ဖြစ်လာသည့်အပြင် ကမ္ဘာ့စီးပွားရေးတွင် အရေးပါ သည့် ဒေသဖြစ်လာပါကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးဆုံး ရင်းနှီးမြှုပ်နှံသည့် နိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၄ ဘီလျံတန်ဖိုး ရင်းနှီးမြှုပ်နှံထားပါကြောင်း၊ ၂၀၁၂ ခုနှစ်မှာ မြန်မာ-တရုတ်နှစ်နိုင်ငံ စုစုပေါင်း ကုန်သွယ်မှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၆ ဒသမ ၅ ဘီလျံ ရှိသော်လည်း အာဆီယံ-တရုတ် ကုန်သွယ်ရေး တွင် မြန်မာနိုင်ငံ၏ ပါဝင်မှု အချိုးအစားသည် တစ်ရာခိုင်နှုန်းကျော်သာ ရှိသည့်အတွက် ကုန်သွယ်ရေး မြှင့်တင်ရန် ဆက်လက်ကြိုးပမ်း ရမည်ဖြစ်ကြောင်း၊ ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် မြန်မာ- တရုတ်နှစ်နိုင်ငံ ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း ဖွင့်လှစ်နိုင်ခဲ့ခြင်းသည် မြန်မာ-တရုတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၏ ထူးခြားအောင်မြင်မှု ဖြစ်ပါကြောင်း၊ လာမည့် ၂၀၁၄ ခုနှစ် တွင် မြန်မာနိုင်ငံ အနေဖြင့် အာဆီယံဥက္ကဋ္ဌ တာဝန်ကို စတင်ထမ်းဆောင် ရမည်ဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့် အာဆီယံဥက္ကဋ္ဌ တာဝန်ယူချိန်တွင် အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် တရုတ်နိုင်ငံ အကြားရှိ မဟာဗျူဟာ ဆက်ဆံရေးကို ပိုမိုခိုင်မာစေရေးအတွက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း" မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
 

Eleven Media Group

0 comments:

Post a Comment