Wednesday, September 11, 2013

အမေရိကန်မှ ဆီးရီးယားအား စစ်တိုက်ရန် ဆိုင်းငံ့လာပြီးနောက် ပြည်တွင်းရွှေဈေး အကျဘက်ဦးတည်လာ

အမေရိကန်က ဆီးရီးယားအား စစ်တိုက်ရန် ဆိုင်းငံ့သွားသည့်အတွက် ပြည်တွင်းရွှေဈေး အကျ ဘက်သို့ ပြန်လည် ဦးတည်လာကြောင်း ရွှေလုပ်ငန်းရှင်များက ပြောသည်။

စက်တင်ဘာလ လဆန်းပိုင်းတွင် အမေရိကန်မှ ဆီးရီးယားအားစစ်တိုက်ရန် ပြင်ဆင်မှုကြောင့် ကမ္ဘာ့ရွှေဈေး အတက်အကျ အတိုင်းပင် မြန်မာ့ရွှေဈေးမှာလည်း အတက်အကျများခဲ့သည်။ သို့သော် လက်ရှိအချိန်တွင် ကမ္ဘာ့ရွှေဈေးမှာလည်း ကျဆင်းလာခဲ့ပြီး ပြည်တွင်းရွှေဈေးမှာ ပြန် လည်ကျ ဆင်းလာ ခဲ့သည်ဟု ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က “ကမ္ဘာ့ရွှေဈေး လည်း ပြန် ကျလာတဲ့ အတွက် ပြည်တွင်းရွှေဈေးလည်း အကျဘက်ကို ဦးတည်လာတယ်။ အမေရိကန် ကလည်း စစ်ကိုဆိုင်းငံလာတဲ့ အတွက်ကို ရွှေဈေးရော ရေနံဈေးပါကျလာတယ်”ဟု ပြောသည်။

စက်တင်ဘာလ လဆန်းပိုင်းတွင် ပြည်တွင်း ရွှေဈေးနှုန်းများသည် တစ်ရက်လျှင် ပျမ်းမျှ ကျပ် ၃၀၀၀ ၀န်းကျင်ခန့် တက်ပြီး နောက်ရက်တွင် ကျပ် ၃၀၀၀ ၀န်းကျင်ခန့် ပြန်ကျဆင်းခဲ့သည်။ စက်တင်ဘာလ ၄ ရက်တွင် အမြင့်ဆုံး အဖြစ် ကျပ် ၇၂၅,၀၀၀ ထိ ဈေးများပြန်လည် မြင့်တက်ခဲ့ပြီး စက်တင်ဘာလ ၅ ရက်တွင်မူ ကျပ် ၇၁၉,၅၀၀ သို့ တစ်ရက်အတွင်း ကျပ် ၅၀၀၀ ကျော် ကျဆင်းသွားခဲ့သည်။ စက်တင်ဘာ ၆ရက်တွင်လည်း ကျပ် ၇၁၇,၅၀၀ အထိ ကျဆင်းကာ ရွှေဈေးအတက်အကျ ကြမ်းခဲ့သည်။ စက်တင်ဘာ ၉ ရက်တွင်မူ ၇၁၉,၀၀၀ ကျပ်သို့ မြင့်တက်ခဲ့သည်။

စက်တင်ဘာ ၉ရက်တွင် ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် ကန်ဒေါ်လာ ၁၃၈၆ ပေါက်ခဲ့ရာမှ စက်တင် ဘာ ၁၀ တွင် ကန်ဒေါ်လာ ၁၃၇၇ သို့ ကျဆင်းလာခဲ့ကာ ပြည်တွင်းရွှေဈေးမှာလည်း ၇၁၇,၃၀၀ကျပ် ထိ ကျဆင်းလာ ခဲ့ကြောင်းဆိုသည်။

လဆန်းပိုင်းတွင် ကမ္ဘာ့ရေနံဈေး အနည်းငယ် မြင့်တက်လာခဲ့သော်လည်း ပြည်တွင်းစက်သုံးဆီ ဈေးကွက် အပေါ် သက်ရောက်မှု မရှိခဲ့ပေ။ လက်ရှိအချိန်တွင် ရေနံဈေး ပြန်လည်ကျဆင်းလာခဲ့ပြီး ပြည်တွင်း စက်သုံးဆီဈေးကွက်တွင်မူ အပြောင်းအလဲမရှိကြောင်း စက်သုံးဆီဆိုင်များမှ သိရှိရသည်။ 
 
Mizzima

0 comments:

Post a Comment