ခရမ်းမြို့နယ်၊ သက္ကယ်ကုန်း ကျေးရွာတွင် မုဒိမ်းမှုနှင့် သက်ငယ်မုဒိမ်းမှု ပပျောက်ရေးအတွက် ရှုတ်ချ ဆန္ဒပြမှုများ ပြုလုပ်နေကြစဉ်
ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီးရှိ ဆင်ခြေဖုံးမြို့နယ်များတွင်
မုဒိမ်းမှုနှင့် သက်ငယ်မုဒိမ်းမှု ရှုတ်ချဆန္ဒပြခြင်းများ
ဆက်တိုက်ပြုလုပ်လာကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှလည်း အသိပညာပေး ဟောပြောမှုများကို
မြို့နယ်များ၊ ရပ်ကွက်များတွင် လိုက်လံပြုလုပ်နေပြီး ဘာသာတရား
ကိုင်းရှိုင်းမှု မရှိခြင်း၊ အရက်သေစာ သောက်စားခြင်း၊ မူးယစ်ဆေးဝါး
သုံးစွဲခြင်းနှင့် ဆင်ဆာမဲ့ ညစ်ညမ်းဗီဒီယိုများ ကြည့်ရှုခြင်းတို့ကြောင့်
မုဒိမ်းမှုများ ဖြစ်ပွားနေ ရခြင်း ဖြစ် သည်ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏
မှုခင်းအသိပညာပေး ဟောပြော ချက်တွင် ဖော်ပြထားမှုအရ သိရသည်။
"သူတို့ အရပ်ဒေသတွေမှာ အဲဒီလို အဓမ္မပြုကျင့်မှုတွေဖြစ်လို့ အခုလို
ဆန္ဒပြမှုတွေ ဖြစ်လာတာပါ။ ကျွန်တော်တို့လည်း နှစ်ရက်တစ်ခါ၊ သုံးရက်တစ်ခါလောက်
အသိပေး ဟောပြောမှုတွေ ရွာတွေ၊ ရပ်ကွက်တွေအထိ ဆင်းပြီးလုပ်ပါတယ်။ အဓိကကတော့
အရက်သေစာ သောက်စားမှုနဲ့ ညစ်ညမ်း ဗွီဒီယိုခွေတွေကြောင့်လည်း ပါပါတယ်။
အဲဒီလိုတွေ မဖြစ်အောင် အသေးစိတ် အသိပညာပေး မှုတွေ ပြု လုပ်တာပါ" ဟု သြဂုတ် ၃၀
ရက်က မုဒိမ်းမှုနှင့် သက်ငယ်မုဒိမ်းမှု ဆန္ဒပြမှု ဖြစ်ပေါ်ခဲ့သည့်
ဆိပ်ကြီးခနောင်တို ရဲစခန်းမှ ဒုရဲအုပ်တစ်ဦးက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုနှစ် ဇန်န၀ါရီလမှ ဇူလိုင်လကုန်အထိ
မုဒိမ်းမှုပေါင်း ၈၃ မှု ဖြစ်ပွားခဲ့ပြီး ထိုအထဲတွင် အရွယ်မရောက်သေးသည့်
ကလေးငယ်များ အဓမ္မပြုကျင့်ခံရမှု ၂၉ မှု၊ အသက် ၁၀ နှစ်အောက် ကလေးငယ်များ
ကျူးလွန်ခံရမှု ခုနှစ်မှု ဖြစ်ပွားခဲ့ကြောင်း အရွယ်မရောက်သေးသည့်
မိန်းကလေးငယ်များကို ကျူးလွန်မှုများ၊ ဖခင်မှ သမီးအရင်းကို ကျူးလွန်မှုများ၊
ပထွေးမှ မယားပါသမီးကို ကျူးလွန်မှုများ၊ ဆွေမျိုးအချင်းချင်း ကျူးလွန်မှုများ
ပါဝင်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ သိရသည်။
Eleven
0 comments:
Post a Comment