
ကမ္ဘာ့ဘဏ်က သုံးစွဲမည့် ယင်းငွေကြေးပမာဏသည် ၂၀၁၃ ခုနှစ် ဇူလိုင်လ ၃၁ရက်နေ့မှ ၂၀၁၄ ခုနှစ် ဇူလိုင် လ ၃၁ ရက် နေ့အထိ စီမံကိန်းကာလအတွက် အသုံးပြုရန် လျာထားခြင်းဖြစ်ပြီး ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာ တိုးတက်ဖွံ့ဖြိုးရေးအသင်း (International Development Association) က အတိုးမဲ့ နှစ်စဉ်ချေးငွေ ထုတ်ပေးမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
ယင်းချေးငွေသည် နှစ်ပေါင်း ၄၀ ကြာမှ ပြန်လည် ပေးဆပ်ရမည် ဖြစ်ပြီး ကြားကာလတွင် ဆယ်နှစ် ဆိုင်းငံ့ခွင့် ရှိကြောင်း၊ အတိုးမဲ့ချေးငွေဖြစ်ကာ ဝန်ဆောင်ခအဖြစ် ၀ ဒသမ ၇၅ ရာခိုင်နှုန်းသာ ပေးဆောင် ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ကမ္ဘာ့ဘဏ်အနေနှင့် လျှပ်စစ်ကဏ္ဍတွင် ကူညီပံ့ပိုးပေးရန် စီစဉ်ရခြင်းမှာ မြန်မာနိုင်ငံရှိ လူဦးရေ လေးဦး အနက် တစ်ဦးသာလျှင် လျှပ်စစ်ဓာတ်အား ရရှိနေခြင်း၊ ပြည်တွင်းတွင် လက်ရှိ အသုံးပြုနေသော ဓာတ်ငွေ့တာဘိုင်များမှာ နှစ်ပေါင်း ၃၀ ကျော် သက်တမ်းရှိနေပြီ ဖြစ်၍ လုပ်ငန်း ဆောင်ရွက်ရာတွင် စွမ်းဆောင်ရည် လျော့နည်းနေခြင်းနှင့် လျှပ်စစ်ဓာတ်အားပေး စက်ရုံများမှ ၂၅ ရာခိုင်နှုန်းသော လျှပ်စစ်ဓာတ်အားများသည် ဓာတ်အားပေးပို့ ဖြန့်ဖြူးခြင်း အဆင့်တွင် ဆုံးရှုံးနေရခြင်း တို့ကြောင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ရရှိမှု မလုံလောက်သည့် ပြဿနာကို ဖြေရှင်းရန် ကမ္ဘာ့ဘဏ်က ဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံများကို စွမ်းအင်မြှင့်တင်ခြင်း၊ ဓာတ်အားပေးပို့ ဖြန့်ဖြူး ရာတွင် လေလွင့်သည့်ပမာဏကို လျော့ နည်းအောင် ဆောင်ရွက်ပေးခြင်းဖြင့် လျှပ်စစ်ဓာတ်အား မလုံလောက်မှုကို လျော့နည်းစေနိုင်ကြောင်း ၎င်းကဆိုသည်။
ဓာတ်အားပေး စက်ရုံများရှိ ဓာတ်ငွေ့ တာဘိုင်များကို လဲလှယ် တပ်ဆင်ပေးရာတွင်လည်း ဝယ်ယူရေး ကန်ထရိုက် စာချုပ်များကို စနစ်တကျ ချုပ်ဆိုသွားမည်ဖြစ်ပြီး ကန်ထရိုက်ပေးရာတွင် ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များကို ဈေးပြိုင်စနစ်ဖြင့် တင်ဒါခေါ်ယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကမ္ဘာ့ဘဏ်၏ ပစ္စည်းဝယ်ယူရေး စည်းမျဉ်းလမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
မွန်ပြည်နယ် သထုံမြို့နယ်တွင် ယခင် ဓာတ်ငွေ့တာဘိုင် အဟောင်းများအစား ခေတ်မီနည်းပညာများဖြင့် အသုံးပြုထားသည် လျှပ်စစ်ဓာတ်အား ၁၂၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သည့် ပေါင်းစပ်ပတ်လည် ဓာတ်ငွေ့ တာဘိုင် နည်းပညာသုံး စက်သစ်များဖြင့် လဲလှယ်တပ်ဆင်ရန် စီစဉ်နေကြောင်း ကမ္ဘာ့ဘဏ် ၏ မြန်မာနိုင်ငံ ဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Khanthan Shankar က ပြောကြားသည်။
ကမ္ဘာ့ဘဏ်က ဆောင်ရွက်ပေးမည့် အဆိုပါ စီမံကိန်းများမှတစ်ဆင့် စက်ရုံအနီးရှိ ဒေသခံများ ရင်ဆိုင်ခံစားနေရသော စက်များလည် ပတ်မှုကြောင့် ထွက်ပေါ်လာသည့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသည့် ဓာတ်ငွေ့ထုတ်လုပ်မှုနှင့် အသံဆူညံမှုများ သိသိသာသာ လျော့ပါးစေမည့် အပြင် လျှပ်စစ်မီး မလုံလောက်မှုနှင့် ပြတ်တောက်မှုများကို အထိုက်အသင့် လျော့ပါးသွားစေနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ပြု လုပ်ထားသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
The Voice Weekly
0 comments:
Post a Comment