
တနင်္သာရီတိုင်းမြို့ပေါ်နှင့် အနီးဝန်းကျင်တွင် ရေကြီးနေသည်ကို သြဂုတ် ၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ဇော်မိုးဦး(မြိတ်))
မြန်မာနိုင်ငံတစ်ဝန်း မိုးရွာသွန်းမှု များပြားခြင်းနှင့် မြစ်ရေကြီး၊
ရေလျှံခြင်းတို့ကြောင့် အိမ်ထောင်စုပေါင်း တစ်သောင်းကျော်ရှိ လူဦးရေ
ငါးသောင်းနီးပါးမှာ ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံနေရဆဲဖြစ်ကြောင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ သိရသည်။
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ
ညွှန်ကြားရေးမှူး ဦးသန်းထွဋ်ဆွေက "အခုနှစ်က မိုးရွာသွန်းမှုတွေက ဆက်တိုက်ပဲ
ဖြစ်ခဲ့တယ်။ အဲဒီနောက်ဆက်တွဲတွေ က မြစ်ရေတွေ တက်လာတယ်၊ ချောင်းရေတွေက
အရင်နှစ်တွေကထက် လျှံလာတယ်။ အဆိုးရွားဆုံး ခံခဲ့ရတာက ကရင်ပြည်နယ်ပါ" ဟု
ဆိုသည်။
မိုးရွာသွန်း ရေကြီးရေလျှံခြင်းတို့မှာ ရန်ကုန်တိုင်းဒေသကြီး၊
ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊
တနင်္သာရီတိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊
ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတို့မှာ
ဖြစ်ပွားခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး
ဝန်ကြီးဌာနမှ သိရသည်။
ယင်းတို့ကြောင့် ကရင်ပြည်နယ်တွင် ကယ်ဆယ်ရေးစခန်း ၈၀၊ မွန်ပြည်နယ်တွင်
ကယ်ဆယ်ရေးစခန်း ၂၅ ခု၊ ရခိုင်ပြည်နယ်တွင် ကယ်ဆယ်ရေးစခန်း ၃၃ ခု၊
တနင်္သာရီတိုင်းတွင် ကယ်ဆယ်ရေးစခန်း လေးခု၊ ဧရာဝတီတိုင်းဒေသကြီးတွင်
ကယ်ဆယ်ရေးစခန်း ငါးခုတို့ ဖွင့်လှစ်ခဲ့ရသည်။
ယခုနှစ်အတွင်း ရေကြီးရေလျှံခြင်းတို့ကြောင့် ကရင်ပြည်နယ်မှာ
အဆိုးရွားဆုံး ခံခဲ့ရပြီး လူဦးရေ သုံးသောင်းခွဲခန့် ရှိခဲ့ပြီး
မွန်ပြည်နယ်မှာ ငါးထောင်နှင့် တနင်္သာရီတိုင်းမှာ သုံးထောင်နီးပါး ရှိခဲ့ရာ
ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်ကြရဆဲ ဖြစ်သည်။
ဧရာဝတီတိုင်းဒေသကြီး၏ ရေကြီးမှုမှာ လယ်မြေများ အဓိက ဆုံးရှုံးရပြီး
စုစုပေါင်း လယ်ဧက တစ်သိန်း ခွဲခန့်ရှိကြောင်း၊ ကယ်ဆယ်ရေး စခန်းများတွင်
နေထိုင်ရသူများမှာလည်း လူဦးရေ တစ်ထောင်ကျော် ရှိကြောင်း သိရသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုများနှင့် မြစ်ရေကြီး၊ ရေလျှံခြင်းတို့ကြောင့်
သေဆုံးသူ သုံးဦးရှိခဲ့ပြီး တစ်ဦး မှာ ပျောက်ဆုံးလျက်ရှိကြောင်း
နိုင်ငံတော်အစိုးရက သတင်းထုတ်ပြန်ထားသည်။
EMG
0 comments:
Post a Comment