Thursday, August 8, 2013

ရှစ်လေးလုံး အရေးတော်ပုံ ငွေရတု အခမ်းအနားများ ဆက်လက်ကျင်းပနေ

AA-8-8
ရန်ကုန်မြို့ MCC ခန်းမတွင် ကျင်းပလျက်ရှိသော ရှစ်လေးလုံး အရေးတော်ပုံ ငွေရတု အခမ်းအနားမှ မှတ်တမ်း ဓာတ်ပုံပြခန်းတွင် လေ့လာကြည့်ရှု နေကြသူများကို သြဂုတ် ၇ ရက်က တွေ့ရစဉ်
ရှစ်လေးလုံး အရေးတော်ပုံ ငွေရတု အခမ်းအနားများကို ရန်ကုန်မြို့နှင့် မန္တလေးမြို့ အပါအ၀င် အနယ်နယ် အရပ်ရပ်တွင် ကျင်းပလျက် ရှိသည်။ သြဂုတ် ၆ ရက်မှစကာ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင်
သုံးရက်ကြာ ကျင်းပမည့် ရှစ်လေးလုံး ငွေရတု အခမ်းအနား ဒုတိယနေ့ အစီအစဉ်များကို သြဂုတ် ၇ ရက်တွင် အစီအစဉ်များအတိုင်း ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။ မန္တလေးမြို့ရှိ ဓမ္မသာလ ခန်းမတွင် ပြုလုပ်လျက်ရှိသည့် အထက်မြန်မာနိုင်ငံ ကိုယ်စားပြု ရှစ်လေးလုံး အရေးတော်ပုံ ငွေရတု အခမ်းအနား ဒုတိယနေ့ဖြစ်သော သြဂုတ် ၇ ရက်တွင် မြို့ခံလူထုအပြင် မန္တလေးမြို့ ၀န်းကျင်ရှိ စစ်ကိုင်း၊ မင်းကွန်း၊ အင်းဝ၊ ကျောက်ဆည်၊ တံတားဦး၊ ပြင်ဦးလွင်၊ မုံရွာစသည့်ဒေသများမှ လာရောက်သူ များပြားခဲ့ကြောင်း သိရသည်။
သြဂုတ် ၇ ရက် မွန်းလွဲပိုင်းတွင် သမိုင်းမှတ်တမ်း ဓာတ်ပုံများ၊ ပန်းချီနှင့် ကာတွန်းများ ပြသထားမှုကို စိတ်ဝင်စား ကြည့်ရှုသူများဖြင့် စည်ကားခဲ့ပြီး အနယ်နယ် အရပ်ရပ်မှ ရောက်ရှိနေသည့် နိုင်ငံရေး အင်အားစုများကလည်း ၀ိုင်းဖွဲ့ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သည်။
BB-8-8
အထက်မြန်မာနိုင်ငံ ကိုယ်စားပြု ရှစ်လေးလုံး အရေးတော်ပုံ ငွေရတု အခမ်းအနား ကျင်းပရာ မန္တလေးမြို့ ၃၁-၈၄ လမ်းထောင့်ရှိ ဓမ္မသာလခန်းမကို သြဂုတ် ၇ ရက်က တွေ့ရစဉ်
"ပုလိပ်၊ ကျောက်ဆည်နဲ့ တံတားဦးဘက်က မိတ်ဆွေတွေလည်း ဒီနေ့လာကြတယ်။ ဒီမှာပြသထားတဲ့ သမိုင်းမှတ်တမ်း ဓာတ်ပုံတွေက လူငယ်တွေ လုံးဝမမြင်ဖူး မတွေ့ဖူးကြတော့ ဓာတ်ပုံပြခန်းမှာ ပိုပြီးစိတ်ဝင်တစား ကြည့်ရှုကြတယ်။ ဖြူစိမ်းဝတ်စုံနဲ့ ကျောင်းသူကျောင်းသားတွေ အုပ်စုလိုက်လာတာ ပိုများတာ တွေ့ရတယ်" ဟု လုံခြုံရေး တာဝန်ယူထားသူ လူငယ်တစ်ဦးက ပြောကြားသည်။
"၂၅ နှစ် အတွင်းမှာ အရင်ကထက်စာရင် ကျယ်ကျယ်ပြန့်ပြန့် လုပ်ခွင့်ရတာ ဒါပထမဆုံး အကြိမ်ပေါ့။ ဒါဟာ ၈၈ ခုနှစ် အရေးတော်ပုံကြီးရဲ့ ရလဒ်ပါပဲ။ ဒါပေမဲ့ ဒါဟာအောင်ပွဲအဆုံးတော့ မဟုတ်သေးဘူး။ လုပ်ခွင့်ရတာကိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ၀မ်းသာပါတယ်" ဟု ရှစ်ဆယ့်ရှစ် ကာလတွင် တက္ကသိုလ်ကျောင်းသူ တစ်ဦးအဖြစ် ပါဝင်ခဲ့သူ ဒေါ်ဥမ္မာအောင်က ပြောကြားသည်။
CC-8-8
ရန်ကုန်မြို့ MCC ခန်းမတွင် ကျင်းပလျက်ရှိသော ရှစ်လေးလုံး အရေးတော်ပုံ ငွေရတု အခမ်းအနားမှ မှတ်တမ်းဓာတ်ပုံပြခန်းတွင် လေ့လာကြည့်ရှု နေကြသူများကို သြဂုတ် ၇ ရက်က တွေ့ရစဉ်
ရှစ်လေးလုံး လူထုဒီမိုကရေစီ အရေးတော်ပုံ ငွေရတုအထိမ်းအမှတ် အခမ်းအနား (အထက်မြန်မာပြည်) ၏ ဒုတိယနေ့ ညပိုင်းအစီအစဉ်များတွင် ဂုဏ်ပြုအနုပညာ တင်ဆက်မှုများအဖြစ် သမိုင်းမော်ကွန်းသစ် အဖွင့်သီချင်း၊ အစဉ်အလာ ဂါရ၀ပြုကန်တော့ခန်း၊ တစ်ပင်တိုင်အက၊ တေးသရုပ်ဖော် တင်ဆက်မှုများနှင့် တစ်ခန်းရပ် ဟာသများ ပါဝင်ဖျော်ဖြေမည် ဖြစ်သည်။
၂၀၁၃ ခုနှစ် သြဂုတ် ၇ ရက် (ယနေ့)တွင် ရန်ကုန်မြို့ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ၌ ကျင်းပ ခဲ့သော ရှစ်လေးလုံးငွေရတု အထိမ်းအမှတ် ဆွေးနွေးပွဲမှ အချက်သုံးချက်ကို အများသဘောတူ ဆုံးဖြတ်အတည်ပြုခဲ့သည်။ ၎င်းတို့မှာ
(၁) ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ရေး။
(၂) ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည် ရေးဆွဲရေး။
(၃) အားလုံးပါဝင်သည့် အမျိုးသားပြန်လည် သင့်မြတ်ရေး ညီလာခံတစ်ခုကို ကျင်းပရေးတို့ ဖြစ်သည်။
အခမ်းအနားနှင့် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများ အနေနှင့် ပြည်သူလူထုနှင့်အတူ အဆိုပါ မူသုံးရပ်ပေါ်တွင် ရပ်တည်၍ ရှေ့ဆက်ဆောင်ရွက် သွားကြမည်ဖြစ်ကြောင်း တစ်ခဲနက် သဘောတူညီ ခဲ့ကြကြောင်း သိရသည်။
DD-8-8
မန္တလေးမြို့တွင် ကျင်းပလျက်ရှိသော ရှစ်လေးလုံး အရေးတော်ပုံ ငွေရတု အခမ်းအနား တွင် ပြသ ထားသည့် မှတ်တမ်းဓာတ်ပုံများအား လေ့လာနေကြသူများကို သြဂုတ် ၇ ရက်က တွေ့ရစဉ်

EMG

0 comments:

Post a Comment