အမိန့်ချခြင်း၊ စီရင်ချက်ချခြင်း ကဲ့သို့သော တရားစီရင်ရေးပိုင်းတွင်
အာဏာပိုင်များ၏ ဖိအားပေးမှု၊ ၀င်ရောက်စွက်ဖက်မှုနှင့် လွှမ်းမိုးမှုများ
ရှိနေကြောင်း လေ့လာတွေ့ရှိ ရသည်ဟု ပြည်သူ့လွှတ်တော် တရားဥပဒေ
စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၏ အစီရင်ခံစာအရ သိရသည်။
သြဂုတ် ၁၂ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်
ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၏
အစီရင်ခံစာကို တင်ပြခဲ့သည်။ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး
ကော်မတီ၏ အစီရင်ခံစာ၏ သုံးသပ်ချက် အပိုင်းတွင် တရားဥပဒေ စိုးမိုးရေးသည့်
တိုင်းပြည်အတွက် အဓိကကျသည့်အပြင် ဒီမိုကရေစီအရေး၊ လူ့အခွင့် အရေးတို့နှင့်
ချိတ်ဆက်လျက်ရှိကြောင်း၊ တိုင်းပြည်တည်ငြိမ် အေးချမ်းရေး၊
ဖွံ့ဖြိုးတိုးတက်ရေး တို့နှင့်လည်း တိုက်ရိုက်သက်ဆိုင် လျက်ရှိသည်ဟု
သုံးသပ်ထားသည်။
တရားဥပဒေ စိုးမိုးရေးသည် တရားစီရင်ရေးကဏ္ဍ တစ်ခုတည်းနှင့်သာ သက်ဆိုင်ခြင်း
မဟုတ်၊ အာဏာပိုင် အဖွဲ့အစည်းများ၊ တရားစွဲ အဖွဲ့အစည်းများနှင့်လည်း
သက်ဆိုင်ကြောင်း၊ အာဏာပိုင်များ၏ ဖိအားပေးမှုများ၊ ၀င်ရောက်စွက်ဖက်မှုများ၊
လွှမ်းမိုးမှုများလည်း ရှိနေကြောင်း အစီရင် ခံစာတွင် ဖော်ပြထားသည်။
ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး
ကော်မတီ၏ အတွင်းရေးမှူးဖြစ်သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဦးဝင်းမြင့်က''ကျွန်တော် ပြောတာ ရှင်း တယ်လေ။ အဲဒီစာထဲမှာ တရားစီရင်ရေးကို
အာဏာပိုင်တွေ စွက်ဖက်တယ်လို့ ပြောတာလေ။ တရားရုံးမှာ အမိန့်ချဖို့ကိစ္စ၊
အာမခံကိစ္စ အဲဒါမျိုးတွေကို ပြောတာ'' ဟု သတင်းထောက် များ၏ မေးမြန်း ချက် အပေါ်
ပြန်လည် ဖြေကြားခဲ့သည်။
ကော်မတီ၏ ဆောင်ရွက်မှုများကြောင့် တရားစီရင်ရေးပိုင်းတွင်
အုပ်ချုပ်ရေးပိုင်း၏ ၀င်ရောက် စွက်ဖက်မှုများ၊ လာဘ်ပေးလာဘ်ယူမှုများ
လျော့ပါးလာကြောင်း၊ ရှေ့နေအသိုင်းအ၀ိုင်း၊ တရားရေး ၀န်းကျင်နှင့်
ပြည်သူကြားတွင် ကြားသိလာရကြောင်း၊ အဆိုပါ အရှိန်ကို ပိုမိုတိုးမြှင့်
သွားရန်လိုကြောင်း၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍ အသီးသီးမှ
တာဝန်ရှိသူများက အဓိက အကောင် အထည် ဖော်ရန်လိုကြောင်း၊ အထူးသဖြင့်
အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးပိုင်းက ပူးပေါင်းဆောင် ရွက်ခြင်း မရှိပါက
တရားဥပဒေ စိုးမိုးရေးလုပ်ငန်းမှာ မအောင်မြင် နိုင်ကြောင်းကိုလည်း
သုံးသပ်ခဲ့သည်။
တရားဥပဒေ စိုးမိုးရေး ဥပဒေများနှင့်အညီ တရားစီရင်ရာတွင် ဥပဒေအချို့၏
အားနည်းချက် များကြောင့် ပြည်သူများ နစ်နာရကြောင်း၊ အခြေအနေ အချိန်အခါနှင့်
မညီညွတ်သော တရားဥပဒေ စိုးမိုးရေး အတွက် အဟန့်အတား အနှောင့်အယှက် ဖြစ်စေသော
ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်း၊ အမိန့်ညွှန်ကြားချက်
လုပ်ထုံးလုပ်နည်းတို့ကို အမြန်ဆုံး ပြင်သင့်ကပြင်၍ ပယ်ဖျက်သင့်က
ပယ်ဖျက်ပြီး အသစ်ပြဋ္ဌာန်းသင့်က ပြဋ္ဌာန်းရန် လိုအပ်သည် ဟုလည်း ကော်မတီ က
လေ့လာတွေ့ ရှိချက်များအပေါ် သုံးသပ်ချက် အနေဖြင့် ထည့်သွင်းခဲ့သည်။
EMG
0 comments:
Post a Comment