မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သော
လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို
တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၃ ခုရှိ မြို့ကြီးများတွင် ခရီးသွားရုပ်ရှင်
ပွဲတော်အဖြစ် ထပ်မံပြုလုပ်သွားမည်ဖြစ်ကြောင်း ယင်းရုပ်ရှင် ပွဲတော်
ဖြစ်မြောက်ရေး တာဝန်ခံ တစ်ဦးဖြစ် သူ ဒေါ်မွန်မွန်မြတ်က The Voice သို့ပြောသည်။
“တိုင်းနဲ့ ပြည်နယ် ၁၃ ခုရဲ့ မြို့ကြီး တွေမှာရှိတဲ့ ရုပ်ရှင်ရုံတွေ မှာ
အဓိကလုပ်သွားမယ်။ ဥပမာ-မကွေးလို ရုပ်ရှင်ရုံတွေ မရှိတော့တဲ့
နေရာမျိုးမှာတော့ အဲ့ဒီက City Star Hall ကို ကျွန်မတို့ ငှားထားတယ်။
ပြသ မယ့် မှတ်တမ်းရုပ်ရှင်တွေကတော့ ပြည်တွင်းပြိုင်ပွဲ ဝင်တွေထဲက ဆုရခဲ့တဲ့
ဇာတ်ကားငါးကား၊ ပြည်ပပြိုင်ပွဲ ဝင်တွေထဲက ဆုရဇာတ်ကားတစ်ကားနဲ့
ပြိုင်ပွဲဝင်ဇာတ်ကား မဟုတ်ပေမယ့် ဒီရုပ်ရှင် ပွဲတော်နဲ့လိုက်တဲ့
ဇာတ်ကားတချို့ပြမယ်။ ရန်ကုန်မှာ လုပ်သွားသလိုပဲ ဇာတ်ကားပြပြီးရင်
ဆုရတဲ့ သူတွေနဲ့ ပရိသတ်နဲ့ အမေးအဖြေ ကဏ္ဍပါမယ်” ဟု ခရီးသွားရုပ်ရှင်ပွဲတော်
အစီအစဉ်များနှင့် ပတ်သက်၍ ၎င်းက ထပ်လောင်းပြောကြားသည်။
တိုင်းနှင့်
ပြည်နယ်၁၃ ခုရှိ မြို့ကြီးများတွင် လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ
ရုပ်ရှင်ပွဲတော် ကျင်းပခြင်းနှင့် ပတ်သက်၍ “နယ်မြို့တွေမှာ
ဒီရုပ်ရှင်ပွဲတော် ကျင်းပတာ ကောင်းပါတယ်။ ရုပ်ရှင်အပိုင်းက ကြည့်မယ် ဆိုရင်
နယ်ကလူတွေ က မှတ်တမ်းရုပ်ရှင်ဆိုတာနဲ့ သိပ်မရင်းနှီးကြဘူး။ မှတ်တမ်းဆိုရင်
အလှူပွဲ၊ မင်္ဂလာပွဲတွေမှာ မှတ်တမ်းတင် ရိုက်ကူး တာလောက်ပဲ သိကြတာ။
လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ လည်း ဒီဇာတ်လမ်းတွေကို ကြည့်ပြီးတာနဲ့
လူတစ်ယောက်ရဲ့ရပိုင်ခွင့်နဲ့ အခွင့်အရေးတွေက ဘာလဲဆိုတာ သိသွားကြမယ်” ဟု
လူ့အခွင့်အရေး ရုပ်ရှင်ပွဲတော်တွင် Survival In Prison ဇာတ်လမ်းတိုဖြင့်
ဒေါ်အောင် ဆန်းစုကြည် ဆုရရှိခဲ့သူ ဒါရိုက်တာရည်နန်းသိုက်က သူ၏အမြင်ကို
ဖွင့်ဟသည်။
ပထမဆုံးအကြိမ် လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ
နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် ပြည်တွင်းမှ ပြိုင်ပွဲဝင် ဇာတ်ကား ၂၁
ကားနှင့် ပြည်ပမှ ပြိုင်ပွဲဝင်ဇာတ်ကား ၂၂ ကား ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး
ပြည်တွင်းပြိုင်ပွဲ ဝင်များထဲမှ မတ်၁၃ ဆုကို စစ်တုရင်အမည်ရှိ
ဇာတ်လမ်းတိုဖြင့် ဒါရိုက်တာစွမ်းသူရထွန်း၊ မင်းကိုနိုင်ဆုကို White and
Ribbon ဇာတ်လမ်းတိုဖြင့် လူငယ်ငါးဦး ဖွဲ့စည်းထားသော Myanmar Treasure
Media က ရရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဆုကို Survival In Prison
ဇာတ်လမ်းတိုဖြင့် ဒါရိုက်တာ ရည်နန်းသိုက်က ရရှိခဲ့သည်။ ပြည်ပပြိုင်ပွဲ
ဝင်များထဲမှ ဒေါ်အောင်ဆန်းစုကြည်ဆုကို အင်ဒိုနီးရှားနိုင်ငံမှ ဒါရိုက်တာ
Joshua Oppenheime ရိုက်ကူးသည့် The Art of Killing ဇာတ်လမ်းတိုက
ရရှိခဲ့သည်။
“အရင်က ရန်ကုန်မှာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့
ပွဲတော်တွေ၊ ဇာတ်လမ်းတွေ လုပ်ပြနိုင်ခဲ့တယ်။ အခုလည်း ပြည်နယ်တွေ၊
တိုင်းတွေမှာ ပါဆိုတော့ ကောင်းပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်လောက်အချိန်
တုန်းက ပြည်သူတွေ ရင်ထဲမှာ အကြောက်တရားဆိုတာက လွှမ်းမိုးခဲ့တယ်။ အခုလည်း
တချို့တွေ ရှိပါသေးတယ်။ ရန်ကုန်လိုမျိုး မြို့ပြမှာနေတဲ့ လူတွေတောင်မှ
အဲဒီလိုစိတ်မျိုး ရှိသေးတာ တကယ့်သာ မန်ပြည်သူတွေ ကြားမှာလည်း
အဲ့လိုအကြောက်တရား ကြီးစိုးနေမှာပါ။ အဲဒီအချိန်မှာ အနုပညာနဲ့ ဖန်တီးထားတဲ့
လူ့အခွင့်အရေး ဇာတ်လမ်းတွေကို ကြည့်ရှုခြင်းဖြင့် ပြေလျော့နိုင်သွားမယ်လို့
ထင်ပါတယ်” ဟု ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးမာကီးက ၎င်း၏အမြင်ကို
ပြောကြား သည်။
ယင်းခရီးသွား ရုပ်ရှင်ပွဲတော်ကို သြဂုတ်လ ၂၅
ရက်နေ့တွင် မကွေး၊ စက်တင်ဘာလ ၁ ရက်နေ့တွင် မန္တလေး၊ စက်တင်ဘာလ ၁၄ ရက်နေ့တွင်
မော်လမြိုင်၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ဘားအံ၊ စက်တင်ဘာလ ၁၉ ရက်နေ့တွင်
ပဲခူးနှင့် ပုသိမ်၊ အောက်တိုဘာလ တွင် မြစ်ကြီးနား၊ တောင်ကြီး၊ လွိုင်ကော်၊
နိုဝင်ဘာလတွင် မြိတ်၊ စစ်တွေ၊ ဒီဇင်ဘာလတွင် ဟားခါးမြို့တို့ ၌
ပြုလုပ်သွားမည် ဖြစ်သည်။
The Voice Weekly
0 comments:
Post a Comment