Wednesday, July 31, 2013

ရွန်းနီ၊ နာနီနှင့် ဖာဘရီဂတ်စ်တို့ကိစ္စ ဆွေးနွေးရန် အင်္ဂလန်သို့ မိုရက်စ် ပြန်လာ

မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဒေးဗစ်မိုရက်စ်သည် အသင်း အပြောင်းအရွှေ့ကိစ္စ လိပ်ခဲ တည်းလည်း ဖြစ်ပေါ်နေသည့် ရွန်းနီ၊ နာနီနှင့် ဖာဘရီဂတ်စ်တို့၏ အနာဂတ်နှင့် ပတ်သက်၍ အသင်း ဥက္ကဋ္ဌ အက်ဒ်ဝု့ဝါဒ်နှင့် ဖြေရှင်းရန် အာရှရာသီကြို ခရီးစဉ်မှ အသင်းနှင့်အတူ အင်္ဂလန်သို့ ချက်ချင်း ပြန်ရောက်လာခဲ့ကြောင်း Guardian သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။ 

မန်ယူအသင်းသည် အာရှခရီးစဉ်၌ ဂျပန်ကလပ်အသင်းဖြစ်သည့် ကစ်ချီ အက်ဖ်စီအသင်းကို ငါးဂိုး နှစ်ဂိုးဖြင့် အနိုင်ရခဲ့အပြီး မန်ချက်စတာသို့ ချက်ချင်း ပြန်လာပြီးနောက် သြဂုတ်လ ၆ ရက်နေ့တွင် စတော့ဟုမ်းရှိ AIK ကလပ်အသင်းနှင့် နောက်ဆုံးပွဲ ကစားရန် ပြန်သွားရမည် ဖြစ်သည်။ 

ယခုရာသီ မန်ယူအသင်းကို ကိုင်တွယ်ပြီးနောက် ကစားသမား ခေါ်ယူမှုတွင် တစ်ဦးတစ်ယောက်နှင့်မျှ အဆင်မပြေဖြစ်နေသည့် နည်းပြ မိုရက်စ်က “မိုနာကိုက နာနီအတွက် ပေါင် ၈.၅ သန်းနဲ့ ကမ်းလှမ်း မှုကို ရရှိထားပါတယ်။ နာနီဟာ အသင်းနဲ့ စာချုပ် ကျန်ရှိသေးတာကြောင့် သူ့ကို လောလောဆယ် ရောင်း ထုတ်ဖို့ မလိုအပ်သေးပါဘူး” ဟု ဆိုခဲ့သည်။ 

ဖာဘရီဂတ်စ်နှင့် ပတ်သက်၍ မိုရက်စ်က “သူ့ကို အလိုရှိပါတယ်။ ပထမ ပေါင် ၂၆ သန်းကနေ ယခုအခါ ဝုဝါဒ်နဲ့ တိုင်ပင်ပြီး ပေါင် ၃၅ သန်း အထိ တိုးမြှင့် ကမ်းလှမ်းဖို့အတွက် နှစ်ဖက်အသင်း စကား ပြောပြီးပါပြီ ဘာကာဘက်ကတော့ သူတို့ ကစားသမားကို ရောင်းထုတ်ချင်ပုံ မရပါဘူး။ အခြေအနေကို စောင့်ကြည့်နေပါတယ်” ဟု ဆိုခဲ့သည်။ 

ထို့အပြင် မိုရက်စ်၏ ဒုတိယ ဦးစားပေး တိုက်စစ်မှူးအဖြစ် ပုံဖော် ပြောဆို ခံရသူ ဝိန်းရွန်းနီ၏ အနာဂတ် နှင့် ပတ်သက်၍ မန်ယူအသင်းက ထိုကစားသမားကို အသင်း၌ ထိန်းသိမ်းထားလိုသည့်ဆန္ဒ ရှိနေ သော် လည်း ချဲလ်ဆီး နည်းပြ မော်ရင်ညို၏ ပေါင်သန်း ၃၀ ဖြင့် တရားဝင် ကမ်းလှမ်းမှု ကိုမူ အကြောင်းပြန် ကြားထားခြင်း မရှိခဲ့ကြောင်း ထိုကိစ္စနှင့် ပတ်သက်၍ ကာယကံရှင်နှင့် နောက်ဆုံး တွေ့ဆုံ ဆွေးနွေးသွား မည်ဖြစ်ကြောင်း ယင်းသတင်းစာ၌ ဆက်လက် ဖော်ပြထားသည်။ 

လက်ရှိ မန်ယူအသင်း၏ ၂၁ ရက်ကြာ အာရှ ခရီးစဉ် ချစ်ကြည်ရေး ပွဲစဉ် ငါးပွဲ၌ သုံးပွဲ အနိုင်ရရှိကာ သွင်းဂိုး ကိုးဂိုးသာ သွင်းယူနိုင်ခဲ့သည့် အသင်း၏ လက်ရှိ ခြေစွမ်းအပေါ် စိုးရိမ်မှု မရှိကြောင်းကိုလည်း မိုရက်စ်က ပြောဆိုခဲ့ သည်။

ယင်းခြေစမ်းပွဲ၌ ခြေစွမ်းပြ ကစားသွားခဲ့သည့် အသက် ၁၈ နှစ်အရွယ် အဒမ်ဂျနူဇာဂ်နှင့် အသက် ၂၀ အရွယ် ဂျက်ဆီလင်ဂတ်ဒ်တို့၏ ခြေစွမ်းကိုမူ အလားအလာကောင်းသူများအဖြစ် ပြောဆိုခဲ့သည်။

The Voice

0 comments:

Post a Comment