
အမေရိကန် အစိုးရ အနေဖြင့် ဆီးရီးယား အစိုးရ ဆန့်ကျင်ရေး တော်လှန်ရေး တပ်ဖွဲ့များကို လက်နက် တပ်ဆင်ပေးရေး သဘောတူရန် လမ်းဖွင့်ပေးလိုက်ပြီ ဖြစ်သည်။ ဆီးရီးယား သမ္မတ ဘာရှာအယ်လ် အာဆက်ဒ် အနေဖြင့် ဆန့်ကျင်ရေး အင်အားစုများကို နှိမ်နင်းသည့် ပြည်တွင်းစစ်အတွင်း ဓာတုလက်နက် များ သုံးစွဲခဲ့ကြောင်း အမေရိကန်က စွပ်စွဲခဲ့ပြီးနောက် တော်လှန်ရေး တပ်ဖွဲ့ကို လက်နက် တိုက်ရိုက် ထောက်ပံ့မှုများ ပြုလုပ်သွားရန် အလေးသာသွားခဲ့သည်။ အနည်းဆုံး ဥရောပနိုင်ငံ နှစ်ခုကလည်း ဂျော်ဒန်မှ တစ်ဆင့် တော်လှန်ရေး တပ်များကို လက်နက် တပ်ဆင်ပေးရေး ကူညီသွားဖွယ် ရှိနေသည်။ အမေရိကန် သမ္မတ ဘာရတ်အိုဘားမား၏ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးကမူ အသေးစိတ် အချက် အလက်များကို ပြောဆိုရန် ငြင်းဆန်သွားသည်။
အာဆက်ဒ်ကို ရုရှား၊ အီရန်နှင့် ဟစ်ဇ်ဘိုလာ ပြောက်ကျားများက ထောက်ခံ အားပေးနေပြီး ယခုအခါ တော်လှန်ရေး အင်အားစုများကို အနောက်အုပ်စု မဟာမိတ်တို့က တိုက်ရိုက် ကူညီရန် နီးစပ်လာသည်။ "လက်ရှိ ဖြစ်ပျက်နေတဲ့ စစ်မြေပြင် အခြေအနေတွေက အရေးပေါ် လိုအပ်ချက်တွေ ရှိနေတယ်လို့ ဆိုနိုင်ပါ တယ်။ ဒီအနေအထားကို လေးစားရပါမယ်။ တစ်ဖက်မှာ ဟစ်ဇ်ဘိုလာတွေနဲ့ အီရန်တွေက သူတို့ရဲ့ ကိုယ်ပိုင် စွက်ဖက်မှုကို ဒီပဋိပက္ခမှာ အရှိန်မြင့်လာခဲ့ပြီလေ" ဟု အိုဘားမား၏ လက်ထောက် အမျိုးသား လုံခြုံရေး အကြံပေး ဘန်ရိုးဒက်စ်က ပြောကြားခဲ့သည်။ ၎င်းက "ခုအခြေအနေတွေက ရေးကြီးသုတ်ပြာ ဝင်ရောက်မှုအတွက် ထပ်ပေါင်း တွန်းအားပေးသလို ဖြစ်နေတယ်" ဟုလည်း ဆိုသည်။
အမေရိကန် အစိုးရသည် အာဆက်ဒ်၏ တပ်ဖွဲ့များက ဓာတုလက်နက်များ သုံးစွဲမှုသည် အမေရိကန်က သတ်မှတ်သည့် မျဉ်းနီမှတ်ကို ကျော်သွားပြီ ဖြစ်ကြောင်း ထပ်ကာထပ်ကာ အတည်ပြု ပြောကြားခဲ့သည်။ အမေရိကန် အနေဖြင့် တော်လှန်ရေး တပ်ဖွဲ့များထံ လက်နက်များ ထောက်ပံ့သွားရန် ပြင်ဆင်ထား သော်လည်း ယင်းတို့ကို အစ္စလာမ်မစ် အစွန်းရောက် လက်နက်ကိုင် အဖွဲ့များထံ ရောက်ရှိသွားမည် ကိုလည်း စိုးရိမ်နေသည်။ အမေရိကန်သည် အစောပိုင်းက မိမိတို့ အနေဖြင့် ဆီးရီးယား သူပုန်များအား သေစေသည့် လက်နက် မဟုတ်သော မော်တော်ယာဉ်များ၊ ဆက်သွယ်ရေး ကိရိယာများ၊ ညကြည့် မှန်ပြောင်းများ ကူညီပေးပို့သွားမည်ဟုသာ ပြောဆိုထားခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်ကမူ အာဆက်ဒ်၏ တပ်များသည် မဟာဗျူဟာ အချက်အချာကျသည့် အယ်လ်ကူ ဆိုင်မြို့ကို သိမ်းပိုက်နိုင်ခဲ့ရာ ဒမတ်စကတ်စ် မြို့တော်နှင့် လက်ဘနွန်ကို ဆက်သွယ်ထားသည့် လမ်း ကြောင်းကို ထိန်းသိမ်းခွင့် ရရှိသွားစေခဲ့သည်။ ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့် ရေး အဖွဲ့ကမူ အစိုးရတပ်များသည် သူပုန်တို့ အဓိက ခြေကုပ်ယူရာ ဟွမ်းစ်မြို့ကို ဆက်လက်ဦးတည် ထိုး ဖောက်ဖွယ် ရှိနေကြောင်း မှတ်ချက်ပြု ပြောဆိုထားသည်။
Source: Bloombert
0 comments:
Post a Comment