နေပြည်တော်တွင် လက်ရှိကျင်းပနေသော ကျောက်မျက်ရတနာပြပွဲတွင် ကျောက်စိမ်းအတွဲများကို တရုတ်ကုန်သည်များက ကြမ်းခင်းဈေးထက် အဆပေါင်းများစွာ ဈေး ပိုမိုပေးပြီး လေလံဆွဲနေကြကြောင်း ကျောက်မျက်ကုန်သည်များက ပြောကြားသည်။ တရုတ်ကုန်သည်များအနေဖြင့် အထက်ပါကဲ့သို့ ကြမ်းခင်းဈေးထက် အဆပေါင်းများစွာ ဈေးတိုးပေး၍ ၀ယ်ယူရာတွင် ကြမ်းခင်းဈေး ယူရို ၇၀၀၀ခန့်ဖြစ်သည့် ကျောက်စိမ်းအတွဲ တစ်တွဲကို ယူရို သုံးသိန်းခန့်ထိ ပေး၍ ၀ယ်ယူနေခြင်းဖြစ်ကြောင်း ကျောက်မျက် ရတနာလုပ်ငန်းရှင်များ အသင်းမှ အဆင့်မြင့် တာဝန်ရှိ သူတစ်ဦးက ပြောသည်။ အဆိုပါတာဝန်ရှိသူက “အခုတစ်ခေါက်က ပစ္စည်းကောင်းတွေလည်းပါတော့ တရုတ်က ဈေးအရမ်းမြှင့်ပြီး ၀ယ်တယ်။ ကြမ်းခင်းဈေး ယူရိုထောင်ဂဏန်းလောက်ကို အဆပေါင်းများစွာ တိုးပေးပြီး ၀ယ်ကြတယ်။ ပစ္စည်းကောင်း ရင်ကောင်းသလောက် တိုးပေးတယ်” ဟု ပြောသည်။ အထက်ပါကဲ့သို့ တရုတ်ကုန်သည်များက ဈေးအဆများစွာ တိုးမြှင့်ပေး၍ ၀ယ်ယူနေသောကြောင့် ပြပွဲတွင် လေလံအောင်မြင်သူ အများစုသည် တရုတ်ကုန်သည်များသာ ဖြစ်နေပြီး ပြည်တွင်းရှိ ကုန်သည်များမှာ ယင်းတို့လောက် ဈေးပေးနိုင်မှုမရှိ၍ ပမာဏအနည်းငယ်သာ လေလံအောင်ကြောင်း ပြည်တွင်းကျောက် မျက်ကုန်သည်များက ပြောသည်။ အမည်မဖော်လိုသူ ကျောက်မျက်ကုန်သည်တစ်ဦးက “ရောင်းအားက ဒီနှစ်အရမ်းကောင်းတယ်။ ကျောက် မျက်တူးခွင့် ပိတ်ထားတော့ ကုန်ကြမ်းက အရမ်းရှားသွားပြီး ပြပွဲလဲလုပ်ရော လူက ပြုံတိုးနေတာ။ လေလံ ဆွဲတဲ့အထဲမှာ တရုတ်က အများဆုံးပဲ” ဟု ပြောသည်။ ၂၀၁၁ခုနှစ်တွင် မြန်မာ့ကျောက်စိမ်းကို အဓိက ၀ယ်ယူနေသည့် တရုတ်ဘက်က ကျောက်စိမ်းတင်သွင်း ခွန်အား ၃၇ရာခိုင် နှုန်းအထိ တိုးမြှင့်လိုက်သည့်အချိန်မှစတင်ကာ တရုတ်ကုန်သည်များ အနေဖြင့် မြန်မာ့ ကျောက်စိမ်းကိုဝယ်ယူမှု ပမာဏ တစ်ဟုန်ထိုး ကျဆင်းခဲ့သည်။ ရွှေရတုမြန်မာ့ ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမတွင် ဇွန်လ ၁၅ ရက်နေ့မှ ၂၇ရက်ထိ ကျင်းပပြုလုပ်လျှက်ရှိပြီး ကျောက်စိမ်း၊ ကျောက်မျက်၊ ပုလဲအတွဲများကို အိတ် ဖွင့် တင်ဒါစနစ်၊ ဈေးပြိုင်စနစ်များဖြင့် တင်ပြ ရောင်းချလျှက်ရှိပြီး ယခင်ကထက် ပြည်တွင်း ပြည်ပကုန် သည်များ တက်ရောက်မှု ပိုမိုများပြားကြောင်း ကျောက်မျက်ရတနာပြပွဲ တက်ရောက်လာသည့် ကုန်သည် များက ပြောကြားသည်။
ZinYawNews
ZinYawNews
0 comments:
Post a Comment