Monday, June 10, 2013

ခရီးသွားလုပ်ငန်းများ ရွှေတိဂုံတွင် အမှိုက်ကောက်မည်

ရန်ကုန်၊ ဇွန် ၉

ပြည်ပနိုင်ငံခြား ခရီးသွားဧည့်သည်များ အများဆုံး လာရောက်လေ့လာကြ သည့် ကမ္ဘာ့အံ့ဖွယ်စာရင်းဝင် လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အောက်ခြေ မုခ်လေးမုခ်တွင် ဇူလိုင်လအတွင်း မြန်မာ့ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူများ စုပေါင်း၍ ပထမဆုံးအကြိမ် အမှိုက်ကောက် မည်ဖြစ်ကြောင်း အဆိုပါအစီအစဉ်ကို ဦးစီး ဆောင်ရွက်မည့် AUTHENTIC MYANMAR TRAVEL & TOURS မှ ဒါရိုက်တာ ဒေါ်သတိုးသူဇာအောင် က ပြောကြားသည်။

ယင်းအမှိုက်ကောက်မည့် ပထမ အစီအစဉ် အောင်မြင်ပါက ခရီးသွား ဧည့်သည်များ သွားလာကြသော ရန်ကုန်မြို့ရှိ အခြား TOURIST SITE များတွင်ပါ နှစ်လ တစ်ကြိမ် အမှိုက်ကောက်သွားရန်ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ခရီးသွားလုပ်ငန်းနယ်ပယ်တွင် ပါဝင်သော ဟိုတယ်များ၊ ခရီးသွား ကုမ္ပဏီ များ၊ ဧည့်လမ်းညွှန်များနှင့် ခရီးသွားဝန်ဆောင်မှု မော်တော်ယာဉ်ကုမ္ပဏီများ တွင် လုပ်ကိုင်နေသူများ ပါဝင်နိုင်ပြီး ယနေ့မှစ၍ ဇူလိုင်လ ၂၀ ရက်နေ့အထိ စာရင်းပေးနိုင်ကြောင်း ၎င်းက ပြောကြားသည်။

ဦးစီးဆောင်ရွက်မည့် ကုမ္ပဏီမှ ခရီးသွားလုပ်ငန်းရှိ အမှိုက်ကောက်အဖွဲ့ဆို သောစာတမ်းပါ တီရှပ်တစ်ထည်စီ၊ လက်အိတ်၊ ညှပ်၊ ရေဘူး၊ အအေးဘူး စသည်တို့ကို အခမဲ့ ဝေငှသွားမည်ဖြစ်ပြီး အမှိုက်တင်ရန် ကားနှင့် အမှိုက်ပုံ ရန်နေရာများကိုပါ ကြိုတင်ရွေးချယ်ထားမည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီ၏ အသိပေးချက်အရ သိရသည်။

The Voice Weekly

0 comments:

Post a Comment