Wednesday, June 19, 2013

ဖုန်းလိုင်းကြပ်ခြင်းမှကာကွယ်ရန် တန်ဖိုးနည်းမိုဘိုင်းကဒ် လျှော့ရောင်းမည်


မိုဘိုင်းဖုန်းလိုင်းများကြပ်ခြင်းကြောင့် ဆက်သွယ်ရေးအဆင်မပြေမှုများမှ ကာကွယ်နိုင်ရန် ၁၅၀၀ ကျပ်တန် ဖုန်းကဒ်များအား ပြည်နယ်နှင့်တိုင်းဒေသကြီး အချို့တွင် မူလချပေးလျှက်ရှိသော အရည်အတွက်ထက် လျှော့ပေါ့ရောင်းချသွားမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သတင်းထုတ်ပြန်သည်။

ရန်ကုန်တိုင်းဒေသကြီး ၊ နေပြည်တော် ၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့် ဧရာဝတီတိုင်းဒေသကြီးများ၌ လျှော့ပေါ့ချထားပေးမည်ဟု သိရသည်။

“အဲဒီဒေသတွေမှာက သုံးနေတဲ့ ဖုန်းအရေအတွက်က များနေတယ်။ လိုတဲ့ စက်တွေကို တိုးပြီး တပ်ပေး ထားတယ်။ ဒါပေမယ့်လည်း လိုင်းတွေ ထပ်ကျပ်မှာ စိုးလို့ အခုလို ဆင်းကဒ် အရေအတွက်ကို လျော့ပြီး ရောင်းချဖို့ လုပ်လိုက်တာ။” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ဒေသများတွင် ရောင်းချပေးထားသော ဆင်းကဒ်အရေအတွက်ထက် ပိုမိုသုံးစွဲနေသဖြင့် လိုအပ်သော စက်ပစ္စည်းများကို တိုးချဲ့ထပ်ဆင်ပေးထားကြောင်းနှင့် တန်ဖိုးနည်း ဖုန်းများစတင်ချထားပေးစဉ်က မိုဘိုင်း BTS စခန်း (၂၈၂) ခုရှိသော်လည်း ယခုအခါ BTS စခန်းပေါင်း (၃၆၄) ခုရှိနေပြီ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“အခုထိကတော့ လိုင်းကောင်းတယ်။ အင်တာနက်လဲ ကောင်းတယ်။ နောက် တတိယ အသုတ် ထွက်လာ ရင်တော့ မသိဘူး။ ဒီဇွန်လ (၂၀)ရက်မှာ ထွက်မဲ့ ၁၅၀၀ တန်ကလည်း CDMA ပဲလို့ ကြားတယ်။ ” ဟု ၁၅၀၀ တန်ဖုန်း သုံးစွဲသူ တစ်ဦးက ပြောသည်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ လစဉ် တန်ဖိုးနည်း ဖုန်းကဒ် (၃၅၀၀၀၀) စီကို ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်း အစိုးရအဖွဲ့များ၏ အစီအစဉ်ဖြင့် ပြည်သူများထံသို့ မဲစနစ်ဖြင့် ရောင်းချပေးလျှက်ရှိသည်။

“ကျွန်တော်တို့ တိုင်းအစိုးရအဖွဲ့မှူးရုံးကို ဒီလအတွက် ရောင်းရမဲ့ အရေအတွက် စာရင်းကတော့ မရောက် သေးဘူး။ ဆက်သွယ်ရေးက ချပေးတဲ့ အပေါ်မှာ ကျွန်တော်တို့က ရောင်းရမယ့် အစီအစဉ်ကို ဆောင်ရွက် ပေးတာပါ။” ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့မှုးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ၁၅၀၀ ကျပ်တန်ဖုန်းများကို ဇွန်လ (၂၀) ရက်နေ့တွင် တတိယအကြိမ်မြောက် ရောင်းချပေးသွားမည် ဖြစ်ပြီး CDMA 800MHz များ ဖြစ်ကြောင်းနှင့် ချင်းပြည်နယ်တွင် လာမည့် ဇူလိုင်လတွင် CDMA 800MHz ဆင်းကဒ် အရေအတွက် (၅၀၀၀) ပထမဆုံးအကြိမ်အဖြစ် ရောင်းချပေးသွားမည် ဖြစ်သည်။

0 comments:

Post a Comment