ရန်ကုန် ၊ ဇွန် ၁၆
မြန်မာနိုင်ငံတွင် အလုပ်အကိုင် ရှားပါးမှုကြောင့် မလေးရှားနိုင်ငံတွင် သွားရောက် အလုပ် လုပ်သော မြန်မာအလုပ်သမားသည် မျှော်လင့်မထားသော အကြမ်းဖက် တိုက်ခိုက်မှုများ တွေ့ကြုံသဖြင့် ပြန်လည် ရောက်ရှိလာပြီးနောက် ပြည်တွင်းတွင် အလုပ်စတင် လျှောက်ထားနေပြီ ဖြစ်ကြောင်း ထင်သီဟ JOB ဖောင်ဒေးရှင်းနှင့် Air Bagan လေကြောင်းလိုင်းတို့ထံမှ စုံစမ်း သိရှိရသည်။
ထင်သီဟTrading Co.,Ltd.မှ ဖွင့်လှစ်သည့် ထင်သီဟ JOB ဖောင်ဒေးရှင်းတွင် မလေးရှားမှ ပြန်လာသည့် လုပ်သား ၂၀ ကျော် အလုပ်လျှောက်ထားခဲ့ရာ ထိုင်းနိုင်ငံမှ ပြန်လာသည့် လုပ်သားနှစ်ဦး အပါအဝင် ၁၀ ဦးကို အလုပ်ခန့် ထားပြီး ဖြစ်ကြောင်း ထင်သီဟ JOB ဖောင်ဒေးရှင်းမှ ဦးအောင်ကိုကိုချိုက ပြောကြား သည်။
မလေးရှားမှ မြန်မာနိုင်ငံသို့ ပြန်လည် မရောက်ရှိ သေးသော်လည်း Online မှ တစ်ဆင့် ကြိုတင် အလုပ် လျှောက်ထားသူ ဦးရေ ၁၀ ဦး ထပ်မံ လက်ခံရရှိကြောင်း ၎င်းကဆိုသည်။
“ဒီမှာရှိတဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီး တချို့က သူတို့ လုပ်ငန်းခွင်တွေထဲမှာ လိုအပ် နေတဲ့ အလုပ်တွေကို ပြန်လာတဲ့ အလုပ်သမားတွေအတွက် ဦးစားပေး ခန့်ထားမယ်လို့ ကြားနေရတယ်။ အလုပ်လျှောက်ချင် ပေမယ့် ဘယ်ကုမ္ပဏီမှာ ဘယ်လိုအလုပ်တွေ လျှောက်လို့ရတယ်၊ ဘာတွေလိုအပ်တယ် ဆိုတာကိုတော့ တိတိ ကျကျ မသိရသေးဘူး”ဟုမလေးရှားတွင် ရှစ်နှစ်ကြာ အလုပ် လုပ်ကိုင်ခဲ့ပြီး ဇွန် ၃ ရက်နေ့က မြန်မာ နိုင်ငံကို ပြန်ရောက်ခဲ့သူ ကိုကျော်နိုင်ထွန်းက The Voice သို့ ပြောကြားသည်။
အလုပ်သမားများ၏ လုပ်ငန်း အတွေ့ အကြုံပေါ် မူတည်၍ AirBagan လေကြောင်းလိုင်းနှင့် ဆက်စပ်နေ သည့် လုပ်ငန်းများ အပါအဝင် ထူးကုမ္ပဏီ၏ ဆောက်လုပ်ရေး လုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းများ၊ ခရီးသွား လာရေး လုပ်ငန်းများအတွက် လာရောက် လျှောက်ထားနိုင်ပြီး မလေးရှားမှ ပြန်လာသည့် အလုပ်သမား များကို ဦးစားပေး ခန့်ထားမည် ဖြစ်ကြောင်း၊ Air Bagan မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
“မလေးရှားက မြန်မာလုပ်သားတွေရော တခြားနိုင်ငံက မြန်မာလုပ်သားတွေလည်း မြန်မာနိုင်ငံမှာ ပြန် လည် အလုပ် လုပ်လိုတာကြောင့် Online မှ တစ်ဆင့် လျှောက်ထားမှုတွေ ရှိတယ်” ၎င်းကဆိုသည်။
မလေးရှားရောက် မြန်မာများသည် မေလကုန် ခန့်မှစ၍ အကြမ်းဖက် ခံနေရပြီး လူခြောက်ဦးထက် မနည်း သေဆုံးကာ ၂၀ နီးပါး ဒဏ်ရာ ရရှိခဲ့ရာ အဆိုပါ အကြမ်းဖက်မှု များကြောင့် မလေးရှားမှ မြန်မာလုပ်သား များ ဇွန်လ ၁၂ရက်နေ့မှစ၍ ပြန်လာလျက် ရှိကြောင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ စုံစမ်းသိရှိရ သည်။
ထင်သီဟ JOB ဖောင်ဒေးရှင်းမှ လူငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းများကို ဝန်ဆောင်ခ မယူဘဲ ကူညီပေးသွားမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီ ထုတ်ပြန်ချက်အရ သိရသည်။
ခိုင်စိုးလင်း၊ သဇင်ဦး
The Voice Weekly
0 comments:
Post a Comment