Monday, June 24, 2013

နယ်လ်ဆင်မန်ဒဲလား အသည်းအသန်ဖြစ်နေ

Monday, June 24, 2013


တောင်အာဖရိကနိုင်ငံ သမ္မတဟောင်း နယ်လ်ဆင်မန်ဒဲလားရဲ့ ကျန်းမာရေးအခြေအနေ တည်ငြိမ်လာပြီလို့ ပြောဆိုသံတွေထွက်ပေါ်ပြီးနောက် ခုအခါမှာ နယ်လ်ဆင်မန်ဒဲလားဟာ ဆေးရုံမှာ အသည်းအသန်ဖြစ်နေတယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ နှစ်ပတ်တုန်းကတော့ မန်ဒဲလားရဲ့ ကျန်းမာရေးဟာ စိုးရိမ်ရပေမယ့် တည်ငြိမ်တဲ့အနေအထားမှာ ရှိတယ်လို့ ဆရာဝန်တွေကပြောခဲ့ပေမယ့် ခုအခါမှာ အသည်းအသန်ဖြစ်နေပြီလို့ ပြောပါတယ်။

အသက် ၉၄ နှစ်အရွယ် နယ်လ်ဆင်မန်ဒဲလားကို သွားရောက် ကြည့်ရှုခဲ့တဲ့ တောင်အာဖရိကနိုင်ငံ သမ္မတ Jocob Zuma ရဲ့ ထုတ်ပြန်ချက်ထဲမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း နယ်လ်ဆင်မန်ဒဲလားရဲ့ အခြေအနေ ပိုဆိုးလာတယ်ဆိုတဲ့အကြောင်း နာမကျန်းဖြစ်နေတဲ့ သမ္မတဟောင်းနဲ့ သူ့မိသားစုအတွက် ဆု တောင်း ပေးကြဖို့ ပြည်သူကို တောင်းဆိုခဲ့တယ်လို့ အာဖရိကဆိုင်ရာ အေဘီစီ သတင်းထောက် Ginny Stein က သတင်းပေးပို့ခဲ့ပါတယ်။

နယ်လ်ဆင်မန်ဒဲလားဟာ နိုင်ငံရေးလှုပ်ရှားရေးသမားအဖြစ် လှုပ်ရှားခဲ့တုန်းက ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခံရပြီး ထောင်တွင်းမှာ ရှိနေတုန်း ၁၉၈၈ ခုနှစ်မှာ TB အဆုတ်ရောဂါ ရသွားတာဖြစ်ပါတယ်။

အဲဒီနောက် သူ့ရဲ့ အဆုတ်ထဲကနေ အရည်နှစ်လီတာလောက် စုတ်ထုတ်ခဲ့ရပြီး ၂၀၀၄ ခုနှစ်မှာ လုံးဝ ပျောက်ကင်းသွားပြီလို့ ပြောခဲ့ပေမယ့် ၂၀၁၁ ခုနှစ် အသက် ၉၂ နှစ်အရွယ်မှာ တကြိမ် ထပ်မံ ဆေးရုံတင်ခဲ့ရပြီး ၂၀၁၂ ခုနှစ်မှာတော့ အိမ်မှာပဲ ဆေးကုသမှု ခံယူခဲ့ပါတယ်။

၂၀၁၃ ခုနှစ် မတ်လ တုန်းကလည်း တကြိမ် ဆေးရုံတက်ခဲ့ရပြီး ခုတခါ ထပ်မံ ဆေးရုံတင်ခဲ့ရတာ ဖြစ်ပါတယ်။

အဲ့ဒါ့အပြင် နယ်လ်ဆင်မန်ဒဲလားဟာ ဆီးကြိတ်ကင်ဆာအတွက် ဆေးကုသမှု ခံယူခဲ့ဖူးသလို၊ ဝမ်းဗိုက်နဲ့ ပတ်သက်တဲ့ ဝေဒနာခံစားခဲ့ရတဲ့အတွက် ခွဲစိတ်မှုလည်း ခံယူခဲ့ဖူးသူဖြစ်သလို အကျဉ်းသားဘဝအတွင်း ကျောက်ခွဲတဲ့ အလုပ်ကြမ်းတွေလုပ်ခဲ့ရပြီး အဲဒီအမှုန့်တွေက မျက်လုံးတွေကို ဖျက်ဆီးခဲ့တဲ့အတွက် ခုအချိန်ထိ နယ်လ်ဆင်မန်ဒဲလားကို ဓာတ်ပုံရိုက်တဲ့အခါ မျက်လုံးထိခိုက်မှုနည်းအောင် သတင်းသမားတွေအနေနဲ့ ကင်မယာမီး သုံးခွင့်မရကြဘူးလို့ သိရပါတယ်။

ABC Radio Australia
ကလေးငယ်တွေလည်း အဖိုး (tata) နေကောင်းပါစေဆိုတဲ့ ဆိုင်းဘုတ်တွေကိုင်ပြီး သမ္မတဟောင်း နယ်လ်ဆင်မန်ဒဲလားအတွက် ဆုတောင်းပေးခဲ့ကြ (Credit: AFP)

0 comments:

Post a Comment