Monday, June 3, 2013

မိုးကြိုးထိမှန်ပြီး မှော်ဘီမြို့တွင် လူတစ်ဦး ပွဲချင်းပြီးသေဆုံး



ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် တပ်ကြီးကုန်းအုပ်စု စာဖြူစုရွာ၌ ဇွန်လ(၃)ရက်နေ့ နံနက်(၉)နာရီခန့်က မိုးကြိုးထိမှန်ပြီး လူတစ်ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

သေဆုံးသူ ဦးရီးလီကျီသည် အသက်(၅၈)နှစ်ရှိပြီး စာဖြူစုရွာနေ ဒေသခံတစ်ဦးဖြစ်ကာ နေအိမ်အနီးမှ သစ်ပင်အောက်ခြေသို့ လမ်းလျှောက်သွားစဉ် မိုးကြိုးထိမှန်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်ကလဲ ဆိုင်ကယ်စီးပြီး အိမ်ရှေ့ရောက်ရုံပဲ ရှိသေးတယ်။ ဂျိမ်းကနဲ အသံကြားတာနဲ့ အစ်ကိုက လဲကျ သွားတယ်။ တစ်ယောက်ယောက်က သေနတ်ပစ်ထည့်လိုက်ပြီလို့ ထင်ပြီး လိုက်ရှာတာ ဘယ်သူမှ မတွေ့ဘူး။ ဒါနဲ့ အစ်ကိုကို ထူကြည့်လိုက်တော့ သူဝတ်ထားတဲ့ အကျီနဲ့ ဘောင်းဘီက ပြဲပြီး မီးကျွမ်းနေ တယ်။ အစ်ကိုလည်း အသက်လည်း မရှိတော့ဘူး။ အဲ့ဒီအခါကျမှ မိုးကြိုး ထိတယ်ဆိုတာ သိရတာ ” ဟု သေဆုံးသူ၏ ညီဖြစ်သူ ဦးအားဂယ်က ပြောသည်။
 
 မိုးချိန်းသံကြားပါက အဆောက်အဦးရှေ့ ၊ သစ်ပင်အမြင့်အောက်သို့ မသွားရဟူသည့် ဗဟုသုတကို လူတိုင်းသိထားသင့်သည်ဟု ရွာခံလူကြီးများက အကြံပြုပြောဆိုသည်။

“မိုးကြိုးက အားပြင်းတဲ့လျှပ်စစ်ပဲ။ ရှေးလူကြီးသူမတွေက ကြုံဖူးသိဖူးထားတော့ မိုးခြိမ်းရင် အပင်ကြီး တွေ အောက်မသွား ရဘူးလို့ ဆုံးမလေ့ရှိတယ်။ လုံးဝ ဥဿုံကာကွယ်လို့တော့ဘယ်ရမလဲ။ ကံနဲ့ လည်း ဆိုင်တာပေါ့။ သို့သော် ရှောင်လို့ရတဲ့ အတိုင်း အတာ အထိ တော့ ရှောင်ရမယ်” ဟု သေဆုံးသူ၏ ရုပ်အလောင်းကို လာကြည့် သော ရှေ့မီ နောက်မီ ရွာခံလူကြီး တစ်ဦး က ပြောသည်။

သေဆုံးသူ၏ ရင်ဘတ်နှင့် မျက်နှာတွင် မီးလောင်ဒဏ်ရာ ရှိနေပြီး၊ အ၀တ်အစားများသည်လည်း မီးလောင်ကျွမ်းထားသည်ကို တွေ့ရသည်။

“သစ်ပင်မှာ မိုးကြိုးထိရာလေးရှိတယ်။ သူရပ်နေခဲ့တဲ့ နေရာ မြေကြီးပေါ်မှာလည်း အရာလည်း ရှိနေ တယ်။ ဖြစ်ချင်တော့ မိုးကြိုးလျှပ်စစ်စီးတဲ့နေရာမှာ အစ်ကိုက ရောက်နေခဲ့တာ။ စိတ်မကောင်းဘူးဗျာ။ ကျွန်တော်တို့ ဒီရပ်ကွက်ထဲမှာ ညီအစ်ကို အရင်း သုံးယောက်နဲ့ အမေကြီးလည်းရှိတယ်။ အမေက သူ့သားဒီလို ဖြစ်သွား မှန်း သိတော့အရမ်းစိတ်ထိခိုက်သွားတယ်” ဟု သေဆုံးသူ၏ ညီ ဆရာဦးဒေးဗစ် က ပြောသည်။

သေဆုံးသတင်းကို သက်ဆိုင်ရာမြို့နယ်သို့ အကြောင်းကြားထားပြီး၊ ရုပ်အလောင်းကို ဇွန်လ(၄)ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် တပ်ကြီးကုန်းရပ်ကွက်၊ စာဖြူစုရပ်ကွက်ရှိသချိုင်း၌ မြေချမည်ဟု ဖြစ်ကြောင်း သိရှိရသည်။

0 comments:

Post a Comment