Monday, June 10, 2013

ရော်နယ်လ်ဒို ရီးယဲလ်တွင်ပင် ဆက်ရှိမည်ဟု အသင်း ဥက္ကဋ္ဌ ပြောကြား


Monday, 10 June 2013 18:40

 
ခရစ္စတီယာနို ရော်နယ်လ်ဒို အနေဖြင့် ၎င်း၏ အနာဂတ်ကို ရီးယဲလ်မက်ဒရစ်တွင်ပင် မြှုပ်နှံလိမ့်မည်ဟု အသင်း ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ်က ပြောကြားလိုက်သည်။


ရော်နယ်လ်ဒိုသည် (၂၀၁၅)ခုနှစ်တွင် သက်တမ်းကုန်မည့် စာချုပ်ကို သက်တမ်းတိုးရန် ဆန္ဒမရှိဟု ပြောကြားထားသည်။ အဆိုပါ ပေါ်တူဂီ လက်ရွေးစင် အနေဖြင့် ယခုနွေရာသီတွင် ဘာနေဗျူးမှ ထွက်ခွာကာ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်သို့ ပြန်သွားနိုင်ကြောင်း သတင်းများ ထွက်ပေါ်နေသည့်တိုင် ပီရက်ဇ်ကမူ ငြင်းဆန်ခဲ့သည်။ ၎င်းက အသက်(၂၈)နှစ်ရှိ ရော်နယ်လ်ဒိုသည် ရီးယဲလ်တွင်ပင် ဆက်ရှိမည် ဖြစ်ကြောင်းနှင့် ယင်းအတွက် မိမိ လုံးဝ သံသယ မရှိကြောင်း ပီရက်ဇ်က Marca သို့ မှတ်ချက် ပေးသွားခဲ့သည်။



"ဖြစ်နိုင်တာကိုပဲ ကျွန်တော် ရှင်းရှင်း ပြောပါမယ်။ ကျွန်တော့် ရည်ရွယ်ချက်၊ ရော်နယ်လ်ဒို့ ရည်ရွယ်ချက်၊ ပရိသတ်တွေရဲ့ ရည်ရွယ်ချက်က ဒီမှာ နှစ်ပေါင်းများစွာ ကြာအောင် သူဆက်ကစား နေဖို့ပဲ။ ကျွန်တော်ရော၊ ရီးယဲလ်ကပါ ရော်နယ်လ်ဒိုကို အလိုရှိတုန်းပဲ။ သူလည်း ဒီအခြေအနေကို လိုလားတယ်။ ဘာမှ သံသယ အရိပ် လွှမ်းနေဖို့ မလိုဘူး" ဟု ပီရက်ဇ်က ဆိုသည်။ ၎င်းက "ရော်နယ်လ်ဒိုဟာ စာချုပ်သက်တမ်း (၂)နှစ် ကျန်သေးတယ်။ လူတိုင်းက မနက်ဖြန်ပဲ သူအသင်းက ထွက်တော့မလိုလို ပြောကြတယ်။ ကျွန်တော်တို့ကတော့ အကြာကြီး အသင်းမှာ သူဆက်ရှိမယ်လို့ ယုံကြည်တယ်။ ကျွန်တော်တို့ရဲ့ အနာဂတ် စီမံကိန်းတွေဟာ သူ့ကို ဝန်းရံ တည်ဆောက်သွားမှာ ဖြစ်ပါတယ်"ဟုလည်း ဆက်လက် ပြောကြားသွားသည်။

0 comments:

Post a Comment