Monday, June 17, 2013

ဧရာဝတီဖောင်ဒေးရှင်း အစီအစဉ်ဖြင့် မလေးရှားမှ မြန်မာလုပ်သားများ ဇွန်လ ၁၇ရက်နေ့ ပြန်လည်ရောက်ရှိမည်




Sunday, June 16, 2013

မြန်မာနိုင်ငံသို့ ပြန်ရန် ဆန္ဒရှိနေသည့် မြန်မာလုပ်သားများအား ကူညီပေးနိုင်ရန်အတွက် ဧရာဝတီဖောင်ဒေးရှင်း အဖွဲ့သားများ အနေဖြင့် မလေးရှားသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကာ ကူညီဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိရာ ဇွန်လ ၁၇ရက်နေ့တွင် မြန်မာလုပ်သား (၂၅)ဦးအား MAI လေကြောင်းလိုင်းဖြင့် ပြန်လည် ပို့ဆောင်ပေးနိုင်တော့မည် ဖြစ်သည်။

မြန်မာလုပ်သားများ လိုက်ပါစီးနင်းလာသည့် MAI လေကြောင်းလိုင်း၊ ခရီးစဉ်အမှတ် 8M-502 လေယာဉ်သည် မြန်မာစံတော်ချိန် မွန်းလွဲ ၁နာရီ ၅၀မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာမည် ဖြစ်ကာ ဧရာဝတီဖောင်ဒေးရှင်းမှ တာဝန်ရှိသူများက သွားရောက်ကြိုဆိုကာ လိုအပ်သည့် ကူညီဆောင်ရွက်မှုများ ပေးအပ်သွားမည်ဖြစ်သည်။

အဆိုပါ လုပ်သား (၂၅)ဦးထဲတွင် ဆာလာရန်း ဒေသမှ (၁၆)ဦးပါဝင်ပြီး စိုးရိမ်စိတ်များနှင့် ဘေးကင်းရာ နေရာတွင် ပုန်းရှောင်နေရသူများ ဖြစ်သည်။ ၎င်းတို့ နေရပ်ပြန်ရန် အတွက် လိုအပ်သည့် စာရွက်စာတမ်း ကိစ္စများအား ဧရာဝတီ ဖောင်ဒေးရှင်း ကိုယ်စားလှယ်များက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းကာ ကူညီဆောင်ရွက် ပေးနိုင်ခဲ့ပြီး မလေးရှား Immigration သို့ ပေးဆောင်ရမည့် ဒဏ်ကြေး ရင်းဂစ် (၄၀၀)စီကိုလည်း ကျခံပေးခဲ့သည်။ ထို့အတူ မလေးရှား Immigration သို့ သွားရာတွင်လည်း ဘတ်စ်ကား စင်းလုံးငှါးကာ ကူညီပေးနိုင်ခဲ့သည်။

ဇွန်လ ၁၇ရက်နေ့တွင် ပြန်လည် ရောက်ရှိမည့် အထဲတွင် အကြမ်းဖက် တိုက်ခိုက်ခံရမှုများကြောင့် ဆေးရုံသို့ တက်ရောက် ဆေးကုသမှု ခံယူနေရသည့် ကိုထွန်းမော်ဦးလည်း ပါဝင်မည် ဖြစ်သည်။ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရသည့် ကိုထွန်းမော်ဦးအား လေဆိပ်မှ တစ်ဆင့် ၀ိတိုရိယဆေးရုံသို့ ပို့ဆောင်နိုင်ရန် အတွက် ဆေးရုံကားတစ်စီး ကြိုတင် စီစဉ်ထားမည် ဖြစ်ကာ လိုအပ်သည့် ဆေးကုသမှုများ ဆက်လက် ပြုလုပ်နိုင်ရန် အတွက် ဧရာဝတီဖောင်ဒေးရှင်းမှ တာဝန်ယူ ဆောင်ရွက် ပေးသွားမည် ဖြစ်သည်။

ထို့အတူ ဆာလာရန်း ဒေသမှ ပြန်လည် ရောက်ရှိလာမည့် မြန်မာလုပ်သား (၁၆)ဦးအတွက်လည်း ၎င်းတို့ ဆန္ဒအလျောက် ရန်ကုန်မြို့တွင် ၃ရက်ကြာ နေထိုင်တည်းခို နိုင်ရန် ဧရာဝတီဖောင်ဒေးရှင်းက စီစဉ်ဆောင်ရွက် ပေးသွားမည် ဖြစ်သည်။

ဧရာဝတီဖောင်ဒေးရှင်း အနေဖြင့် မလေးရှားမှ နေရပ်သို့ ပြန်လိုသည့် အခြား မြန်မာလုပ်သားများအား အကူအညီ ပေးနိုင်ရန် အတွက်လည်း ဆက်လက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ မြန်မာ လုပ်သားများ အနေဖြင့် သံရုံးမှတစ်ဆင့် ဧရာဝတီဖောင်ဒေးရှင်းက စီစဉ်ပေးထားသည့် အစီအစဉ်များ အတိုင်း လိုက်ပါ ဆောင်ရွက်မည် ဆိုပါက ရက်အနည်းငယ် အတွင်း နေရပ်ပြန်ရန် စာရွက်စာတမ်းများ ရရှိမည် ဖြစ်သည်။

ဇွန်လ ၁၆ရက်နေ့ ပြန်ရောက်မည့် မြန်မာလုပ်သားများ စာရင်း

(၁) ကိုမင်းဇော်ထွေး (မြန်အောင်၊ ဧရာဝတီတိုင်းဒေသကြီး)
(၂) မနန်းမြင့်ရီ (မြန်အောင်၊ ဧရာဝတီတိုင်းဒေသကြီး)
(၃) ကိုကျော်အောင် (တပ်ကုန်းမြို့၊ လွှဘုရွာ)
(၄) မချိုချိုဝင်း (တပ်ကုန်းမြို့၊ လွှဘုရွာ)
(၅) ကိုအောင်ကိုလတ် (တပ်ကုန်းမြို့၊ လွှဘုရွာ)
(၆) ကိုအောင်စိုး (အင်းစိန်၊ ရန်ကုန်)
(၇) ကိုဝင်းမောင်ဦး (မော်လမြိုင်)
(၈) ကိုအောင်ပြည့်ဖြိုး (မော်လမြိုင်)
(၉) မလဲ့လဲ့ဝင်း (မော်လမြိုင်)
(၁၀) ကိုကျော်ဦး (မြင်းခြံ)
(၁၁) ကိုငွေဌေး (မုံရွာ)
(၁၂) ကိုဌေးလွင် (တန့်ဆည်မြို့၊ စစ်ကိုင်းတိုင်း)
(၁၃) မမြနန္ဒာ (တန့်ဆည်မြို့၊ စစ်ကိုင်းတိုင်း)
(၁၄) ကိုတင်ထွန်းဝေ (ပြင်ဦးလွင်)
(၁၅) ကိုနိုင်ဝင်း (တပ်ကုန်းမြို့၊ အင်းဘက်ကုန်းကျေးရွာ)
(၁၆) ကိုမျိုးမင်းလတ် (ယုဇနဥယျာဉ်မြို့တော်၊ တောင်ဒဂုံ)
(၁၇) ကိုအောင်သူရိန် (သင်္ဃန်းကျွန်း)
(၁၈) ကိုကျော်ထက်အောင် (ကျောက်ပန်းတောင်း)
(၁၉) ကိုမိုးမြင့်မောင်မောင် (တာမွေ)
(၂၀) ကိုရဲကိုကျော် (လက်ပံကျေးရွာ၊ ပေါင်မြို့)
(၂၁) ကိုရဲလင်း (မြောက်တော၊ ကျောက်ပန်းတောင်း)
(၂၂) ကိုထွန်းမော်သိန်း (ဘိုကုန်းရွာ၊ ကျောက်ပန်းတောင်း)
(၂၃) ကိုငြိမ်းမော် (ရန်ကုန်)
(၂၄) မဝေေ၀သန့် (ဗိုလ်တထောင်)
(၂၅) ကိုတင်မောင်အေး (ဒိုက်ဦး၊ ပဲခူးတိုင်းဒေသကြီး)

ဧရာဝတီဖောင်ဒေးရှင်း ကိုယ်စားလှယ်အဖွဲ့ ကေအယ်လ်ရှိ လူမှုရေး အဖွဲ့အစည်းများ၊ လူမှုရေးလုပ်ငန်းလုပ်ကိုင်နေသူများ၊ မလေးရှားသို့ ရောက်ရှိခဲ့သည့် အစိုးရကိုယ်စားလှယ်များ၊ သံအမတ်ကြီး အပါအ၀င် သံရုံးတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့မှုရလဒ်များ (နေရပ်ပြန်လိုသည့် မြန်မာလုပ်သားများ ဆောင်ရွက်ရမည့် အချက်များ)

၁။ သံရုံးအနေဖြင့် နေရပ် ပြန်လိုသူများအား အထောက်အထားများ စိစစ်ပြီး CERTIFICATE OF IDENTITY ဟုခေါ်သည့် CI ကို အခကြေးငွေ လုံးဝမယူဘဲ အခမဲ့စနစ်ဖြင့် နေချင်းပြီးဆောင်ရွက်ပေးမည်ဖြစ်သည်။

၂။ CI ရရှိပြီးသူများအား ဧရာဝတီဖောင်ဒေးရှင်းနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကွာလာလမ်ပူ လူမှုရေးကွန်ယက်မှ တစ်ရက်လျှင် အယောက်(၂၀)နှုန်းဖြင့် ပူထရာဂျာယာရှိ လူဝင်မှု ကြီးကြပ်ရေးရုံးသို့ ဘတ်စ်ကားစီစဉ်ပေးပြီး အခမဲ့ခေါ်ဆောင်သွားမည် ဖြစ်သည်။ လ၀ကရုံးတွင် လက်ပွေနှိပ်၊ ဒဏ်ငွေဆောင်ရမည်ဖြစ်သည်။ (ဤနေရာတွင် ဘတ်စ်ကားစီစဉ်ပေးပြီး အခမဲ့ခေါ်ဆောင်မည့် အစီအစဉ်အတွက် ဧရာဝတီဖောင်ဒေးရှင်းနှင့် ကွာလာလမ်ပူ လူမှုရေးကွန်ယက်မှ တာဝန်ယူ ဆောင်ရွက်ပေးမည်ဖြစ်ပြီး လ၀က၌ ပေးဆောင်ရမယ့် ဒဏ်ငွေကိုမူ ပြန်မည့်သူက ပေးဆောင်ရမည်ဖြစ်သည်။)

၃။ CI ရပြီးသူများအနေဖြင့် လ၀ကသို့ ကိုယ့်အစီအစဉ်ဖြင့် သွားနိုင်ပါသည်။ သို့ပေမယ့် အခက်မတွေ့စေရန်အတွက် ဧရာဝတီဖောင်ဒေးရှင်းမှ စီစဉ်ပေးခြင်း ဖြစ်ပါသည်။ မိမိအစီအစဉ်ဖြင့် သွားပါက အချိန် နှစ်လမှ သုံးလအထိ ပြန်ချိန်းနိုင်ပြီး ယခုကဲ့သို့ အချိန်မကြာမြင့်စေရန် အတွက် ဧရာဝတီဖောင်ဒေးရှင်းက သံအမတ်ကြီးနှင့် ညှိနှိုင်းစီစဉ်ထားခြင်းဖြစ်သည်။ မိမိတို့အနေဖြင့် နေစဉ် လူအယောက် (၂၀)အား လ၀ကသို့ ခေါ်ဆောင်သွားနိုင်မည် ဖြစ်ကာ ၃၊ ၄ရက်အတွင်း အပြီးသတ်ဆောင်ရွက်နိုင်ရန် အတွက် သံရုံးဘက်မှ ထောက်ခံစာများ ရေးပေးမည်ဖြစ်သည်။ အဆိုပါ ထောက်ခံစာအား မိမိတို့ ကိုယ်စားလှယ်များက ရယူကာ ဘတ်စ်ကားနှင့်အတူ လိုက်ပါလျက် လ၀ကတွင် လက်ဗွေနှိပ်၊ ဒဏ်ကြေးဆောင်စေမည် ဖြစ်သည်။ ယခုကိစ္စမှာ လွယ်ကူသည့်ကိစ္စ မဟုတ်သော်လည်း မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ မလေးရှား အစိုးရနှင့် ညှိနှိုင်းခဲ့မှုနှင့် သံအမတ်ကြီးနှင့် သံရုံးတာဝန်ရှိသူများ ဘက်မှလည်း ထောက်ခံစာ ရေးပေးရန် သဘောတူညီခဲ့မှုများကြောင့်သာ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ခြင်းဖြစ်သည်။

၎။ လက်ဗွေနှိပ်ပြီးပါက ပြန်ခွင့်စလစ်ရသည်နှင့် ဧရာဝတီဖောင်ဒေးရှင်းမှ လေယာဉ်လက်မှတ်များ ထုတ်ပေးမည်ဖြစ်ကာ အမိနိုင်ငံသို့ လုံခြုံဘေးကင်းစွာ ပြန်နိုင်မည်ဖြစ်သည်။

Ayeyarwady Foundation

0 comments:

Post a Comment