Wednesday, June 5, 2013

ကမ္ဘာ့ မိသားစု အတွင်း မြန်မာ နိုင်ငံကို ဂုဏ်သိက္ခာရှိ၊ တာဝန် သိသည့် နိုင်ငံ တစ်နိုင်ငံ အဖြစ် ရပ်တည် နိုင်ရန် တစ်စိုက် မတ်မတ် ကြိုးပမ်း လုပ်ဆောင်နေ





နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ပြောကြားသည့် ရေဒီယို မိန့်ခွန်း (၅-၆-၂ဝ၁၃)

မိဘ ပြည်သူများ ခင်ဗျား-

ကျွန်တော်တို့ နိုင်ငံရဲ့ လက်ရှိ အခြေအနေများကို မိဘ ပြည်သူများထံ ရေဒီယိုမှ တစ်ဆင့် အသိပေး ပြောကြားနေကြ ဖြစ်တဲ့အတိုင်း မေလအတွင်း မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမှုများနဲ့ ပတ်သက် ပြီး ကျွန်တော် တို့အစိုးရရဲ့ လုပ်ဆောင် ချက်များကို မိဘ ပြည်သူများထံ ယခုကဲ့သို့ ပုံမှန် တင်ပြရခြင်း ဖြစ်ပါတယ်။

မိဘပြည်သူများ သိကြပြီး ဖြစ်တဲ့အတိုင်း ကျွန်တော်ဟာ အမေရိကန် ပြည်ထောင်စုကို မေလ ၁၉ ရက်ကနေ ၂၂ ရက်နေ့ အထိ အလုပ် သဘောခရီးစဉ် အဖြစ် သွားရောက် ခဲ့ပါတယ်။ ဒီခရီးစဉ် ဟာ နှစ်ပေါင်း လေးဆယ်ကျော် အကြာမှာ နိုင်ငံ့ခေါင်းဆောင် တစ်ဦးအနေနဲ့ သွားရောက်ခဲ့တဲ့ အလုပ်သဘော ခရီးစဉ်တစ်ခု ဖြစ်တဲ့အပြင် နှစ်နိုင်ငံ ချစ် ကြည် ရင်းနှီးရေးနဲ့ ဆက်ဆံရေး ပုံစံအသစ်ကို ပိုမိုပီပြင် စေခဲ့တာကြောင့် ကျွန်တော်တို့ နှစ်နိုင်ငံ ဆက်ဆံရေး သမိုင်းမှာ ထူးခြားတဲ့ အလှည့်အပြောင်းတစ်ခု အဖြစ်လည်း မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။ ဒီသမိုင်းဝင် ခရီးစဉ်ကနေ ရရှိလာတဲ့ ရလဒ်တွေ ကနေတစ်ဆင့် အနာဂတ်မှာ ပူးပေါင်း ဆောင်ရွက်နိုင်မယ့် အလားအလာ များကြောင့် ဒီခရီးစဉ်ဟာ အစိုးရ ချင်း ဆက်ဆံရေး သာမက နှစ်နိုင်ငံ ပြည်သူချင်း ရင်းနှီးချစ်ကြည်ရေး အတွက် ပါ အရေးပါတယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ အမေရိကန် ပြည်ထောင်စု ခရီးစဉ်အတွင်းမှာ အမေရိကန် သမ္မတ အိုဘားမား အပါအဝင် အစိုးရ အဖွဲ့ဝင်များ၊ အထက် လွှတ်တော်နဲ့ အောက်လွှတ်တော် ခေါင်းဆောင်များနဲ့ တွေ့ဆုံပြီး ကျွန်တော်တို့ နိုင်ငံရဲ့ ဒီမို ကရေစီအသွင် ကူးပြောင်းရေး လုပ်ငန်းစဉ်များ အတွင်း ကြုံတွေ့ နိုင်ဖွယ်ရှိတဲ့ အခက်အခဲများ၊ စိန်ခေါ်မှု များ၊ အလားအလာ များနဲ့ ပူးပေါင်း ဆောင်ရွက်နိုင်မယ့် ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေး နိုင်ခဲ့ပါတယ်။

ဒ့ါအပြင် ကျွန်တော်တို့ လုပ်ဆောင်နေတဲ့ အမျိုးသား စီးပွားရေး တစ်ရပ် တည်ဆောက်ရေးမှာ အဟန့်အတား ဖြစ်နေတဲ့ ပိတ်ဆို့ အရေးယူမှုများ ဖယ်ရှားနိုင်ရေး အတွက် ယုံကြည်မှု တည်ဆောက်ရေး ကိစ္စတွေကိုလည်း လုပ်ဆောင် နိုင်ခဲ့ ပါတယ်။ ကျွန်တော့် အနေနဲ့ အမေရိကန် ပြည်ထောင်စုရဲ့ ပညာရေး စနစ်ကို လေ့လာနိုင် ဖို့အတွက် ဂျွန်ဟော့ကင်း တက္ကသိုလ်ကို သွားရောက်ပြီး ပါမောက္ခများ၊ ကျောင်းသား၊ ကျောင်းသူများနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံ မိန့်ခွန်း ပြောကြား ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ အမေရိကန် ပြည်ထောင်စု ခရီးစဉ် အတွင်းမှာ အကြောင်း အမျိုး မျိုးကြောင့် အမေရိကန် ပြည်ထောင်စုမှာ ရောက်ရှိနေကြတဲ့ မြန်မာ မိသားစုများရဲ့ နွေးထွေးတဲ့ ကြိုဆိုမှုတွေကြောင့် ဝမ်းသာပီတိ ဖြစ်ရသလို ကျွန်တော်တို့ရဲ့ ပြုပြင် ပြောင်းလဲမှုများ အပေါ် နားလည် စာနာမှု ရှိကြတဲ့ အမေရိကန်ရောက် ကျွန်တော်တို့ရဲ့ ပြည်သူ များကို အထူးကျေးဇူး တင်ရှိပါကြောင်း အလေးအနက်ပြောကြားလိုပါတယ်။

တစ်ပြိုင်နက် တည်းမှာပဲ ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များ အပေါ်မှာ မယုံ ကြည်နိုင်သေးတဲ့ သူများက သံသယနဲ့ ပြောဆိုဝေဖန် အပြစ်ရှာ ရေးသားခဲ့မှု များလည်း ကြုံတွေ့ခဲ့ရပါတယ်။ နိုင်ငံတစ်ခု ပြုပြင် ပြောင်းလဲမှု ဖြစ်တိုင်းမှာ ဒီလို သဘောထား ကွဲလွဲမှုတွေ၊ မယုံကြည်မှုတွေ၊ လက်မခံနိုင် မှုတွေ၊ အငြင်းပွား မှုတွေ နဲ့ ဝိဝါဒ ကွဲပြားမှုတွေကို ကြုံတွေ့ရတာဟာ ဖြစ်ရိုးဖြစ်စဉ် သဘာဝကျတဲ့ ကိစ္စရပ်တွေပဲ ဖြစ်ပါတယ်။ ကျွန်တော့် အတွက်ကတော့ နိုင်ငံရေး လက်တွေ့ကျမှုများက ပိုမို အရေးကြီးတယ်လို့ အလေးအနက် ခံယူထားပါတယ်။

ကျွန်တော်တို့ရဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များ အောင်မြင်မှုများ ရရှိဖို့အတွက် မိမိတို့ မြန်မာ နိုင်ငံဟာ ကမ္ဘာ့ မိသားစုဝင် နိုင်ငံများနဲ့ ထဲထဲဝင်ဝင် ချိတ်ဆက်ရန် ဆိုတဲ့ ကိစ္စရပ်က အလွန် အရေးကြီး ပါတယ်။ လက်ရှိ ကျွန်တော်တို့ ရဲ့ ကြိုးပမ်း လုပ်ဆောင်မှုများရဲ့ အောင်မြင်မှု အသီးအပွင့်တွေကို ကျွန်တော်တို့ရဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ် များအပေါ် အားပေး ထောက်ခံသူများ ကိုသာ မက မယုံကြည်နိုင် သေးသူများ၊ သံသယ ရှိသူများနဲ့ ဆန့်ကျင် နေသူများပါ ခံစား ရရှိမှာ ဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ ကမ္ဘာ့မိသားစု အတွင်းမှာ မြန်မာနိုင်ငံ ဂုဏ်ကို ဂုဏ်သိက္ခာရှိတဲ့၊ တာဝန်သိတဲ့ နိုင်ငံ တစ်နိုင်ငံအဖြစ် ရပ်တည်နိုင်ဖို့ ယခုလို တစိုက်မတ်မတ် ကြိုးပမ်းလုပ်ဆောင် နေရခြင်းဖြစ်တယ် ဆိုတာ အသိပေး ပြောကြား လိုပါတယ်။ မေလ ၂၄ ရက်နေ့မှာလည်း မြန်မာနိုင်ငံ အပေါ်မှာ အစဉ်တစိုက် အားပေး ကူညီခဲ့တဲ့ ဂျပန်နိုင်ငံရဲ့ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ နှစ်နိုင်ငံ သမိုင်းမှာ ၃၆နှစ်အတွင်း ပထမဦးဆုံး အကြိမ် ဝန်ကြီးချုပ် ခရီးစဉ်အဖြစ် လာရောက်ပြီး ကျွန်တော် တို့ နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အပေါ် ဂျပန်နိုင်ငံရဲ့ အားပေး ထောက်ခံမှုကို ပြသခဲ့ပါတယ်။ ဂျပန်နိုင်ငံ အနေနဲ့ ပေးအပ်လာမယ့် ကူညီ ထောက်ပံ့မှုတွေ ကိုလည်း ကြိုဆိုလက်ခံ သွားမှာ ဖြစ်သလို ဒီအကူအညီများ အားလုံးကို ပြည်သူလူထု ဗဟိုပြု ဖွံ့ဖြိုးရေး လုပ်ငန်းများမှာသာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။ အပြန်အလှန်အားဖြင့် ဂျပန်နိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းများဟာ ပွင့်လင်း လာမယ့် မြန်မာ့ဈေးကွက် အတွင်းမှာ ရင်းနှီး မြှုပ်နှံမှုများ၊ ကုန်သွယ်ရေး တိုးမြှင့်မှု အခွင့်အလမ်းများ ရရှိပြီး နှစ်ဦးနှစ်ဖက် မျှတတဲ့ အကျိုး ကျေးဇူးများ ခံစားကြ ရမှာလည်း ဖြစ်ပါတယ်။

ယခုလို နှစ်နှစ်တာ ကာလအတွင်းမှာ ဖြစ်ထွန်းခဲ့တဲ့ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာ ကူးလူး ဆက်ဆံမှုများဟာ ဆိုရင် မြန်မာ ပြည်သူများ ကြိုးပမ်းအားထုတ် နေကြတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အတွက် ထိုက်တန် တဲ့ နိုင်ငံတကာ ထောက်ခံမှု ရရှိနေခြင်းကို တစ်နည်းအားဖြင့် ပြသနေခြင်းလည်း ဖြစ်ပါတယ်။

ယခု ကျွန်တော်တို့ ကြိုးပမ်း လုပ်ဆောင်နေတဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲ မှုများနဲ့ ပတ်သက်လို့ အနည်းငယ် ရှင်းလင်း ပြောကြား လိုပါတယ်။ နိုင်ငံရေးနဲ့ တိုက်ရိုက် ချိတ်ဆက်နေတဲ့ အမျိုးသား စီးပွားရေး ပြန်လည် ပုံစံချ သတ်မှတ်မှုနဲ့ ပတ်သက်လို့ လိုအပ်တဲ့ အစီအမံများ၊ မဟာဗျူဟာများ၊ စီမံချက်များ ရေးဆွဲနေသည့် နည်းတူ တစ်တွဲတည်း လိုအပ်လာမည့် အင်စတီကျူးရှင်း များကို ပြောင်းလဲ ဖွဲ့စည်းခြင်း၊ အသွင် ကူးပြောင်းခြင်း၊ အသစ် ထူထောင်ရန် ပြင်ဆင်ခြင်း များကိုလည်း လုပ်ဆောင် နေရပါတယ်။ ကာလကြာရှည် ပြုလုပ်နိုင်ခြင်း မရှိခဲ့တဲ့ ကိစ္စရပ်တွေကို လုပ်ဆောင်ရတာ ဖြစ်တဲ့ အတွက် ထင်ရှားမြင်သာရှိတဲ့ အပြောင်းအလဲ တွေထက် ဆုပ်ကိုင်မှု ပြနိုင်သည့် အပြောင်းအလဲ များသည်လည်း အရှိန်အဟုန် တစ်ခုဖြင့် ရွေ့လျားနေတယ် ဆိုတာကိုလည်း မီးမောင်းထိုး ပြလိုပါတယ်။ ဒီအပြောင်းအလဲများ ထင်ရှား မြင်သာ ရှိလာချိန်မှာ ကျွန်တော်တို့ အမျိုးသား စီးပွားရေးဟာလည်း အရှိန်အဟုန် ရလာမှာဖြစ်ပါတယ်။

တောင်သူလယ်သမား တစ်ဦးချင်းအတွက် စိုက်ပျိုးစရိတ် အထောက်အကူ ဖြစ်စေဖို့နဲ့ အသေးစားနဲ့ အလတ်စား လုပ်ငန်းရှင်များ အရင်းအနှီး စုဆောင်းရာမှာ အထောက်အကူ ဖြစ်စေဖို့အတွက် အသေး စားနဲ့ အလတ်စား ချေးငွေများ ရရှိ ရန်ကိုလည်း ကျွန်တော့်အနေနဲ့ အာရုံစိုက် လုပ်ဆောင်လျက် ရှိပါတယ်။

ကျွန်တော်တို့ အစိုးရ အနေနဲ့ အမျိုးသား ပြန်လည်စည်းလုံး ညီညွတ်ရေးကို ရည်သန်ပြီး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ နေရသူများ လွတ်မြောက်ရေး အတွက် အစဉ်အမြဲ အာရုံစိုက် လုပ်ဆောင် လျက် ရှိပါတယ်။ ကျွန်တော့်အနေနဲ့ အမှန်တကယ် ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား တစ်ဦး တစ်ယောက်မျှ အကျဉ်း ထောင်ထဲတွင် ရှိနေစေလိုခြင်း မရှိပါဘူး။ သို့သော်လည်း ယခင်ခေတ် အဆက်ဆက်က ရှုပ်ထွေးခဲ့တဲ့ ရာဇဝတ်မှုနဲ့ နိုင်ငံရေး ပြစ်မှု မကွဲပြားတဲ့ ကိစ္စရပ်တွေကို စိစစ် ဆောင်ရွက် နေရတဲ့အတွက် အချိန်ယူလုပ်ဆောင် နေရတာဖြစ်တယ်။ ယခုအခါမှာ ထိုကိစ္စရပ်များကို ရှင်းလင်းနိုင်ဖို့အတွက် လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီကို ကျယ် ပြန့်တဲ့ ပါဝင်မှုနဲ့ ဖွဲ့စည်းပြီး ဆောင်ရွက်နေပြီ ဖြစ်တဲ့အတွက် မကြာခင်မှာ အမှန်တကယ် ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံရသူများအားလုံး လွတ်မြောက်တော့မှာ ဖြစ်ပါတယ်။ သို့သော်လည်း နိုင်ငံရေးနဲ့ ရောယှက်ပြီး အကြမ်းဖက် မှုများ၊ လူသတ်မှုများ၊ မုဒိမ်းမှု အစရှိတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့ သူတွေကတော့ ထိုက်တန်တဲ့ အပြစ်ဒဏ်ကို ခံယူရမှာ ဖြစ်ပါတယ်။ ဒီကိစ္စကို ကျွန်တော် အမေရိကန် ပြည်ထောင်စုကို ရောက်ရှိစဉ် ကာလမှာ သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်း တွေနဲ့ လွှတ်တော် ကိုယ်စားလှယ်များ ကိုလည်း ရှင်းလင်း ပြောကြားခဲ့ရာမှာ ကျွန်တော်တို့နဲ့ သဘောထား တူညီတယ် ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။

ကျွန်တော်တို့ အစိုးရအနေနဲ့ အမျိုးသား ပြန်လည်စည်းလုံး ညီညွတ်ရေးကို ရှေးရှုတဲ့ စေတနာ သက်သက်နဲ့ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးကို လုပ်ဆောင်နေတာ ဖြစ်ပြီး အချိန်အတိုင်း အတာ တစ်ခု ယူရတာက လွဲပြီး တခြား နိုင်ငံရေး အမြတ်ထုတ်လိုမှု မရှိကြောင်း အလေးအနက် ပြောကြားလိုပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အစိုးရ လက်ထက်မှာ လွတ်ငြိမ်းချမ်းသာ ခွင့် ပေးခဲ့ တဲ့ နိုင်ငံရေးနဲ့ ဆက်နွှယ် အကျဉ်းကျခံခဲ့ ရသူများနဲ့ ပတ်သက်လို့ ပုဒ်မ ၄ဝ၁ ကို နိုင်ငံရေး လက်နက်တစ်ခု အနေနဲ့ အသုံးချပြီး အရေးယူခြင်း ပြုလုပ်ရန် အစီအစဉ် မရှိကြောင်း တစ်ပါ တည်း ပြောကြားလိုပါတယ်။

ပဋိပက္ခ ဖြစ်ပွားခဲ့ရာ ဒေသဖြစ်တဲ့ မိတ္ထီလာမြို့မှာ တည်ငြိမ် အေးချမ်းရေးကို ဆက်လက်ထိန်းသိမ်း ထားနိုင်ရေးအတွက် နိုင်ငံတော် သမ္မတရဲ့ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၁/၂ဝ၁၃) အရေးပေါ် အခြေအနေ ကြေညာ ခြင်းကို လွှတ်တော်မှ အတည်ပြုပေးရန် အဆိုအား ပထမဆုံးအကြိမ် ပြည်ထောင်စု လွှတ်တော်အထူး အစည်းအဝေး ကို ခေါ်ယူ ပေးတဲ့ အတွက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ နှင့်တကွ လွှတ်တော် ကိုယ်စား လှယ်များ အားလုံးကို ကျေးဇူးတင် ရှိပါကြောင်း ပြောကြား လိုပါတယ်။

မေလအတွင်းမှာ ကျွန်တော်တို့ပြည်သူများဟာ မဟာစင်မုန်တိုင်း သတင်းကြောင့် စိုးရိမ်ပူပန် မှုတွေဖြစ်ပေါ်ခဲ့ရပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ အမျိုးသား သဘာဝဘေး ကာ ကွယ် စောင့်ရှောက်ရေး ဗဟိုကော်မတီနဲ့ အမျိုးသား သဘာဝ ကာကွယ် စောင့်ရှောက်ရေး စီမံခန့်ခွဲမှု လုပ်ငန်း ကော်မတီများကို အလျင်အမြန် ဖွဲ့စည်းပြီး မုန်တိုင်း ဝင်ရောက်နိုင် တဲ့ ဒေသ များက ဒေသခံများကို လူမျိုးဘာသာ ခွဲခြားခြင်း မရှိဘဲ လူသားချင်း စာနာမှုဆိုင်ရာ အရေးပေါ် ကာကွယ် စောင့်ရှောက်မှုများ ပြုလုပ်နိုင်ဖို့ ကြိုတင်ပြင်ဆင် နိုင်ခဲ့ပါတယ်။ ကော်မတီများ အနေနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တပ်မတော် အင်အားစုများနဲ့ ပူးပေါင်းညှိနှိုင်းပြီး ကယ်ဆယ်ရေး လုပ်ငန်းစဉ်များကို အားသွန်ခွန်စိုက် ဆောင်ရွက် ခဲ့ကြပါတယ်။ ကျွန်တော်တို့ ပြည်သူများ စိုးရိမ် ပူပန်ခဲ့သလို မုန်တိုင်းဒဏ်ကို ခံခဲ့ရခြင်း မရှိပေမယ့် ဘေးအန္တရာယ်တွေ ကြုံတွေ့ လာတဲ့အခါမှာ ရင်ဆိုင်ကျော်လွှား နိုင်ဖို့အတွက် အစိုးရ၊ ပြည်သူနဲ့ တပ်မတော်တို့ အကောင်းဆုံး ပူးပေါင်း လုပ်ဆောင် နိုင်တဲ့ အနေအထား ရှိနေပြီဆိုတာ ဝမ်းမြောက်ဖွယ်ရာ တွေ့ရှိရပါတယ်။

ကျွန်တော့်အနေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်ပေါ် တိုးတက်မှု အခြေအနေ များကိုလည်း တင်ပြလိုပါတယ်။ ပြီးခဲ့တဲ့ မေလ ၃ဝ ရက်နေ့က ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှုမှာ သမိုင်းဝင် အပြောင်းအလဲ တစ်ရပ်ဖြစ်ပြီး ပြည်သူများ အားလုံးအတွက် ဝမ်းမြောက်ဝမ်းသာ ရှိကြရမယ့်နေ့ပဲ ဖြစ်ပါတယ်။ မေလ ၃ဝ ရက်နေ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့နဲ့ KIO တို့ဟာ ပစ်ခတ်တိုက်ခိုက်မှုတွေ လျှော့ချရပ်ဆိုင်းနိုင်ဖို့ အတွက်နဲ့ ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ အတွက်နဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် (၇)ချက်ကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လက် မှတ်ရေးထိုး ခဲ့ကြပါတယ်။ ယခုလို လက်မှတ်ရေးထိုး နိုင်မှုဟာ နှစ်ပေါင်းခြောက်ဆယ်ကျော် ကြာခဲ့ပြီဖြစ်တဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ရပ်ဆိုင်းနိုင်ဖို့ အတွက် ကြီးမားတဲ့ ခြေလှမ်း တစ်ရပ်ဖြစ်ပြီး မြန်မာနိုင်ငံသား အားလုံးအတွက် ဂုဏ်သိက္ခာ ကြီးမားတဲ့ အောင်မြင်မှု တစ်ရပ်ပဲ ဖြစ်ပါတယ်။ ထာဝရ ငြိမ်းချမ်းရေးအတွက် စိတ်ရင်း စေတနာ မှန်ကန်စွာနဲ့ ကြိုးပမ်း ခဲ့ကြတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းအဖွဲ့၊ တပ်မတော်နဲ့ KIO အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ အားလုံးကို ကျေးဇူးတင်ရှိကြောင်းနဲ့ အထူးသဖြင့် ငြိမ်း ချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ် နေစဉ်အတွင်း ငြိမ်းချမ်းရေး ရချင်ပြီ ဆိုတာကို လှိုက်လှိုက်လှဲလှဲ ထုတ်ဖော်ပြသ ခဲ့ကြတဲ့ ပြည်သူ များကိုလည်း အလေးအနက် ကျေးဇူး တင်ရှိကြောင်း ပြောကြား လိုပါတယ်။

ကျွန်တော်တို့ နိုင်ငံဟာ ဘယ်နိုင်ငံမှာမှ မကြုံဘူးခဲ့တဲ့ အသွင်ကူးပြောင်းရေး လမ်းကြောင်း တစ်ရပ်ကို လျှောက်လှမ်း ချီတက် နေတာ ဖြစ်ပါတယ်။ လက်ရှိအခြေ အနေမှာ များပြားလှတဲ့ မရေရာ မသေချာမှုများ၊ ကြီးမားတဲ့ စိန်ခေါ်မှုများ၊ အဟန့်အတားများနဲ့ ပြည့်နှက်နေတဲ့ မြန်မာ နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ဦးစီးပဲ့ကိုင် နေရာကနေ လုပ်ကိုင် နေရတဲ့ ကျွန်တော့်အနေနဲ့ ယခု အစိုးရသက်တမ်း ကျန်ရှိနေသေးတဲ့ ကာလများမှာလည်း အစိုးရအဖွဲ့၊ လွှတ်တော်များ၊ နိုင်ငံရေး အင်အားစုများ၊ အရပ်ဘက်အဖွဲ့ အဖွဲ့အစည်းများ၊ တပ်မတော်နှင့် ပြည်သူလူ ထုတစ်ရပ် လုံးရဲ့ ပူးပေါင်း ပါဝင်မှုကို အခြေခံပြီး မှန်ကန်တဲ့ စေတနာနဲ့ မဆုတ်မနစ် လုပ်ဆောင်သွားရန် သန္နိဋ္ဌာန် ချထားကြောင်း ပြောကြားရင်း နိဂုံးချုပ် အပ်ပါတယ်။

မိဘပြည်သူများ ကျန်းမာ ကြပါစေ။

0 comments:

Post a Comment