Tuesday, May 28, 2013

မေလ ၂၈ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

ဂျပန်-မြန်မာ တတိယအကြိမ် စီးပွားရေးဆက်ဆံမှု


၃၆ နှစ်အတွင်း ၀န်ကြီးချုပ် တစ်ဦး၏ ပထမဆုံး ခရီးစဉ်ဖြစ်သည့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး လာရောက်မှုသည် မေ ၂၆ ရက် ညနေပိုင်းတွင် နေပြည်တော်မှ ပြန်လည်ထွက်ခွာ၍ အဆုံးသတ်သွားပြီ ဖြစ်သည်။ ဂျပန်ဝန်ကြီးချုပ်သည် မြန်မာနိုင်ငံက ဂျပန်အပေါ် တင်ရှိနေသော ကြွေးမြီများ အားလုံးကို ပယ်ဖျက်ပေးခဲ့သည့်အပြင် ယန်း ၉၁ ဘီလျံ (ဒေါ်လာသန်း ၁၀၀၀ နီးပါး)ကို အကူအညီပေးရန်နှင့် စီးပွားရေး ရင်းနှီးမြှုပ်နှံမှု များအတွက် ကတိပြုခဲ့သည်။ ထို့ကြောင့် ယခုခရီးစဉ်သည် မြန်မာ-ဂျပန် နှစ်နိုင်ငံအကြား တတိယအကြိမ် စီးပွားရေး ဆက်ဆံမှု တစ်ခုဟု မှတ်ယူနိုင်မည် ဖြစ်ပါသည်။

ဝန်ကြီးချုပ် ဦးနုလက်ထက်တွင် ဂျပန်သည် မြန်မာနိုင်ငံအား စစ်လျော်ကြေး စတင်ပေးအပ်ခဲ့သည်မှာ ပထမအကြိမ်ဟု မှတ်ယူ၍ ဒုတိယအကြိမ်မှာ ဗိုလ်ချုပ်ကြီးနေ၀င်း လက်ထက်တွင် အကူအညီများ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် သွေးထွက် သံယိုမှုများဖြင့် စစ်တပ်က အာဏာသိမ်းခဲ့သည့် ၁၉၈၈ နောက်ပိုင်းတွင် ဂျပန်သည် မြန်မာနိုင်ငံအား အကူအညီ ပေးအပ်မှုများအားလုံး ရပ်ဆိုင်းခဲ့သည်။ အကူအညီများ ရပ်ဆိုင်းခံရပြီး နောက်ပိုင်းမှစ၍ ဂျပန်၏ အကူအညီများ ရရှိသော ကမ္ဘောဒီးယားကဲ့သို့ ဒေသတွင်း နိုင်ငံများက မြန်မာနိုင်ငံထက် တိုးတက်မှုနှုန်း ပိုမိုမြန်ဆန်ခဲ့သည်။

ဂျပန်နိုင်ငံ၏ အကူအညီများ ရပ်ဆိုင်းခံရပြီးနောက် မြန်မာနိုင်ငံအား အများဆုံး အကူအညီပေးခဲ့သော နိုင်ငံမှာ တရုတ်နိုင်ငံ ဖြစ်လာသည်။ ပြုပြင်ပြောင်းလဲမှုများနှင့် အစိုးရသစ်၏ နိုင်ငံတကာ ဆက်ဆံရေး ပုံစံသစ်တွင် အမေရိကန်သည်လည်း ကူညီမှုများ ပေးအပ်မည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာသည်။ သို့သော် အမေရိကန်၏ အကူအညီ ဆိုသည်မှာလည်း မြန်မာနိုင်ငံအတွက် နည်းပါးလှသလို တရုတ်နိုင်ငံမှ ချေးငွေများသည် တရုတ်ပစ္စည်းများ ပြန်လည်ဝယ်ယူရာတွင် အသုံးပြုရခြင်း၊ အတိုးနှုန်း မြင့်မားခြင်းတို့အပြင် နှောင်ကြိုးများ မကင်းသည့် အကူအညီများအဖြစ် ယူဆစရာ ရှိနေသည်။ ထိုအချိန်၌ အာရှနိုင်ငံများထဲတွင် နည်းပညာမြင့်မား၍ စက်မှုအဖွံ့ဖြိုးဆုံး ဒီမိုကရေစီ နိုင်ငံဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများအား အကူအညီ အများအပြား ပေးအပ်လျက်ရှိသည့် ဂျပန်နိုင်ငံ၏ အကူအညီများ ပြန်လည်ရရှိခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် ဂျပန်ဝန်ကြီးချုပ်၏ လာခြင်းကောင်းသော ခရီးစဉ်နှင့်အတူ တတိယအကြိမ် စီးပွားရေး ဆက်ဆံမှုမှ ယခင်ကာလများနှင့် မတူသော အမှန်တကယ် အကျိုးသက်ရောက်မှုကောင်းများ ဖော်ဆောင်နိုင်ရန် The Daily Eleven မှ တိုက်တွန်းအပ်ပါသည်။

Eleven Media Group

0 comments:

Post a Comment