Monday, May 6, 2013


ပြည်ထောင်စုအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို မကြာခင်မှာ ပြုလုပ်နိုင်ဖို့ ပြင်ဆင်နေ
Monday, May 6, 2013

ပြည်ထောင်စုအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို မကြာခင်မှာ ပြုလုပ်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ တနင်္ဂနွေနေ့က နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံစဉ်မှာ သမ္မတ ဦးသိန်းစိန်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်၊ နိုင်ငံရေးပါတီ (၁၈) ပါတီက ခေါင်းဆောင်တွေနဲ့ နေပြည်တော်က လယ်တောအိမ်မှာ တွေ့ဆုံစဉ်မှာ ထည့် သွင်းပြောကြားသွားတာလို့ ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအင်အားစု ပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောပါတယ်။

ငြိမ်းချမ်းရေးကို လက်နက်ကိုင်တိုက်ပွဲနည်းလမ်းနဲ့ တည်ဆောက်လို့ မရနိုင်တာ နှစ် ၆၀ အတွေ့အကြုံက သက်သေပြနေတဲ့ အကြောင်းနဲ့ ငြိမ်းချမ်းရေးအတွက် ပြည်ထောင်စုအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို မကြာခင်မှာ ပြုလုပ်နိုင်ဖို့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့က ပြင်ဆင်နေတဲ့အကြောင်း သမ္မတက အသိပေးခဲ့တယ်လို့ ဦးခင်မောင်ဆွေက ပြောပါတယ်၊ ငြိမ်းချမ်းရေးတည်ဆောက်ရေးမှာ တပ်မတော်၊ ပြည်သူတွေနဲ့ နိုင်ငံရေး အင်အားစုအားလုံး၊ လူမှုအဖွဲ့အစည်းအားလုံး ပူးပေါင်း ဆောင်ရွက်ဖို့ကိုလည်း သမ္မတက တိုက်တွန်းသွားတယ်လို့ ဆိုပါတယ်။

သူ့အနေနဲ့ ငြိမ်းချမ်းတဲ့၊ ဒီမိုကရေစီ ထွန်းကားတဲ့၊ ပြည်သူတွေရဲ့ လူမှုဘ၀ ဖွံ့ဖြိုးတဲ့ နိုင်ငံမျိုးဖြစ်အောင် ကြိုးပမ်းနေတယ်လို့လည်း ဆိုပါတယ်၊ နှစ်နာရီကြာတွေ့ဆုံပွဲမှာ ပါတီတွေ ဘက်က တောင်သူလယ်သမားတွေရဲ့ လယ်ယာမြေပိုင်ဆိုင်ခွင့်နဲ့ အမတော်ကြေးကိစ္စ၊ တိုင်းရင်းသားဒေသ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကိစ္စ၊ ပြည်ထောင်စုစစ်စစ် ပေါ်ပေါက်ရေး၊ ဖွဲ့စည်းပုံပြင်ဆင်ရေး ကိစ္စတွေအပြင် လက်ရှိ ပေါ်ပေါက်နေတဲ့ ဘာသာရေးပဋိပက္ခ၊ စီမံကိန်းတွေက သိမ်းယူထားတဲ့ လယ်ယာမြေလျှော်ကြေးကိစ္စတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်၊

0 comments:

Post a Comment