မြန်မာနိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံ နှစ်နိုင်ငံကြား
နားလည်မှုစာချွန်လွာ (MoU)လက်မှတ်ကို ဧပြီလ ၂၃ ရက်နေ့ တွင်
ရေးထိုးခဲ့ကြောင်း သိရှိရသည်။ နားလည်မှုစာချွန်လွှာ(MoU)အရ မြန်မာနိုင်ငံမှ အင်ဒိုနီရှားနိုင်ငံ သို့
ဆန်တန်ချိန်သုံးသိန်းတင်ပို့ပေးမည်ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံမှလည်း
ယူရီးယား ဓါတ်မြေသြဇာ တန်ချိန် တစ်သိန်း ပြန်လည်ဝယ်ယူသွားမည် ဖြစ်ကြောင်း
သိရှိရသည်။
“ဒီလ ၂၃ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ (MoU) ထိုးဖို့ရှိပါတယ်။ ဒီလက်မှတ်ရေးထိုးမှု အရ မြန်မာ နိုင်ငံကနေ ဆန်တန်ချိန် သုံးသိန်းကိုတင်ပို့ပြီး သူတို့ဆီက ယူရီယားမြေသြဇာတန်ချိန် တစ်သိန်းပြန်ဝယ်ဖို့ သဘောတူညီချက် ပါတယ်။ ဒီလကုန်မှာ ဂျပန်ကို ဆန်တန်ချိန် ငါးထောင်ပို့ဖို့ရှိတယ်။” ဟု တောင်သူ လယ်သမားအသင်း(ယာယီ) ဥက္ကဌ ဒေါက်တာစိုးထွန်း ကပြောသည်။
မြန်မာနိုင်ငံအနေဖြင့် အင်ဒိုနီးရှားနိုင်ငံနှင့် ဆန်တင်ပို့နိုင်ရေးအတွက် လက်မှတ်ရေးထိုးရန် အစီအစဉ် ရှိသကဲ့သို့ တရုတ်နိုင်ငံဖြင့်လည်း လက်မှတ်ရေးထိုးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်မှုများရှိနေကြောင်း စီပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“ဒီနေ့ အင်ဒိုနီးရှားနိုင်ငံ အစိုးရအဖွဲ့နဲ့ MoU လက်မှတ်ရေးထိုးဖို့ရှိတယ်။ တရုတ်ကလည်း ဒီနိုင်ငံမှာ ရင်းနှီး မြုပ်နှံမှုလုပ်ဖို့အတွက် MoU လက်မှတ်ရေးထိုးဖို့ ရှိပါတယ်။” ဟု စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး မှ တာ ၀န်ရှိသူတစ်ဦးကလည်း အတည်ပြုပြောကြားခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တရားဝင် ဆန်တင်ပို့နေခြင်း ဖြစ်သော်လည်း တရုတ်နိုင်ငံ ဘက်တွင် တရားဝင် သတ်မှတ်ထားခြင်း မရှိသည့်အတွက် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးရန် ကြိုးစားနေကြောင်း၊ လက်မှတ်ရေးထိုးပြီးပါက တရုတ်နိုင်ငံသို့ အခွန် ၃၀% ခန့်ပေးဆောင်ရနိုင်ပြီး အဆိုပါအခွန်ကို လျော့ချပေးနိုင်ရန် ကြိုးစားနေကြောင်း ဒေါက်တာစိုးထွန်းက ဆိုသည်။
“ကျွန်တော်တို့ဘက်က တရားဝင်ဆန်ပို့တာဖြစ်ပေမယ့် တရုတ်နိုင်ငံဘက်က တရားမ၀င်ဖြစ်နေတယ်။ တရုတ်ဘက်က MoU ထိုးဖို့ကို ဘယ်တော့ဆိုတာ အချိန်မပြောနိုင်ဘူး ဖြစ်နေတယ်။ သူတို့ဘက်က ကျန်တဲ့ နည်းပညာပိုင်းဖြစ်တဲ့ စားသုံးသူအကာ အကွယ်ပေးရေး (FDA) နဲ့ ပတ်သတ်ပြီး ကျန်တော်တို့ဆီကို ကမ်းလှမ်း ထားတယ်။ ကျွန်တော်တို့ဘက်က အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ဆွေးနွေးပြီး သူတို့ရဲ့အချက်တွေကို လက်ခံနိုင်ဖွယ်ရှိမှ ဒုတိယအနေနဲ့ လက်မှတ်ရေးထိုးမယ်။” ဟု ဒေါက်တာစိုးထွန်းက ဆိုသည်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် ၁.၂ သန်းကျော် တင်ပို့ထားသည့်အနက် တရုတ်နိုင်ငံသို့ နယ်စပ် ကုန်သွယ်ရေး(Border Trade) မှစုစုပေါင်းတန်ချိန် ၇ သိန်းခန့်တင်ပို့ခဲ့ပြီး ပင်လယ်ရေကြောင်း (Over Sea) ကုန်သွယ်မှုမှတဆင့် မလေးရှား၊ အင်ဒိုနီးရှား တို့ကို အများဆုံးတင်ပို့ပြီး ဆန်တင်ပို့မှု စုစုပေါင်းတန်ချိန် ၅သိန်း ကျော် တင်ပို့နိုင်ခဲ့သည်။

0 comments:
Post a Comment