Thursday, November 17, 2016

စွမ်းအင်ကဏ္ဍ၌ နိုင်ငံတော်မှ စိုက်ထုတ်ကျခံရမှုများ လျှော့ချရန်နှင့် ဓာတ်အားခ တိုးမြှင့်ကောက်ခံရန် အပါအ၀င် နည်းလမ်းအချို့ စွမ်းအင်မူဝါဒတွင် ဖော်ပြထား

စွမ်းအင်ကဏ္ဍတွင် နိုင်ငံတော်မှ စိုက်ထုတ်ကျခံရမှုများကို လျှော့ချရန်အတွက် ဓာတ်အားခတိုးမြှင့် ကောက်ခံရန်အပါအ၀င် နည်းလမ်းအချို့ကို စွမ်းအင်မူဝါဒတွင် ဖော်ပြထားကြောင်း သိရသည်။

အမျိုးသားစွမ်းအင် စီမံခန့်ခွဲမှု ကော်မတီမှ ထုတ်ပြန်ထားသည့် အမျိုးသားစွမ်းအင် မူဝါဒတွင် လျှပ်စစ်စွမ်းအင် ကဏ္ဍနှင့် ပတ်သက်သည့် ဆောင်ရွက်သင့်သည့် မဟာဗျူဟာများတွင် ယင်းသို့ဖော်ပြထားခြင်း ဖြစ်ကြောင်း သိရသည်။

စွမ်းအင်ကဏ္ဍတွင် နိုင်ငံတော်၏ စိုက်ထုတ်ကျခံရမှုများကို နည်းလမ်း နှစ်သွယ်ဖြင့် လျှော့ချနိုင်ကြောင်း၊ ပထမနည်းလမ်းမှာ စွမ်းအင်ထုတ်လုပ်သည့် အဖွဲ့အစည်းများ အနေဖြင့် စွမ်းအင်ထုတ်လုပ်မှု စွမ်းရည်မြှင့်တင်ခြင်း၊ ၀င်ငွေကောက်ခံမှုများ ပိုမိုရရှိစေခြင်း၊ လျော့နည်း ပျောက်ဆုံးမှုများကို လျှော့ချခြင်း၊ ထုတ်လုပ်မှု စရိတ်နှုန်းကို လျှော့ချခြင်း စသည့်နည်းလမ်းများဖြင့် ဆောင်ရွက်နိုင်ကြောင်း ဖော်ပြထားသည်။ ဒုတိယနည်းလမ်းမှာ စွမ်းအင် ထုတ်လုပ်မှုစရိတ် လျှော့ချခြင်းများကို ဆောင်ရွက်ပြီးပါက အစိုးရအနေဖြင့် စွမ်းအင်ဈေးနှုန်း ဆိုင်ရာပြုပြင်ပြောင်းလဲမှုများကို ငါးနှစ်ကြာ ကာလအတွင်း ဆောင်ရွက်နိုင်ကြောင်း ဖော်ပြထားသည်။

ကနဦးအနေဖြင့် ပထမနှစ်နှစ်ကာလ အတွင်း စက်မှုသုံး၊ ဖြေဖျော်မှုလုပ်ငန်းသုံးနှင့် စီးပွားရေးလုပ်ငန်းသုံး ဓာတ်အားခနှုန်းထားကို ၂၀ ရာခိုင်နှုန်း မြှင့်တင်ခြင်း၊ လျှပ်စစ်ဓာတ်အား ပိုမိုတိုးမြှင့် အသုံးပြုနေကြသည့် အိမ်သုံး လျှပ်စစ်ဓာတ်အားခနှုန်းကိုလည်း ၂၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံခြင်း၊ အလယ်အလတ် ၀င်ငွေ (သို့မဟုတ်) သတ်မှတ် လျှပ်စစ်ဓာတ်အား ပမာဏထက် ပိုမိုသုံးစွဲသူများအတွက် ၁၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံခြင်း၊ အလယ်အလတ်ထက် လျော့နည်းဝင်ငွေ ရရှိသည့်သုံးစွဲသူ (သို့မဟုတ်) လျှပ်စစ်ဓာတ်အား ပမာဏတစ်ခုအထိ (အစိုးရမှသတ်မှတ်ပမာဏ) သုံးစွဲသူများကို ငါးရာခိုင်နှုန်းမှ ခုနစ်ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံပြီး အစိုးရ သတ်မှတ်ပမာဏ တစ်ခုအထိသာ လျှပ်စစ်ဓာတ်အား သုံးစွဲနေကြသည့် ဆင်းရဲနွမ်းပါးသူများအတွက် လက်ရှိနှုန်းကိုပင် ဆက်လက်ကောက်ခံခြင်းများ ပြုလုပ်ရန် စဉ်းသားသင့်ကြောင်း အမျိုးသား စွမ်းအင်မူဝါဒတွင် ဖော်ပြထားသည်။

သယ်ယူပို့ဆောင်ရေး စက်မောင်းဆီ ကဏ္ဍတွင် စီးပွားရေး တောင့်တင်းခိုင်မာသူများအတွက် ပျမ်းမျှစက်မောင်းဆီ ဈေးနှုန်းကို အများဆုံး ၂၅ ရာခိုင်နှုန်းနှင့် အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍ သုံးစွဲမှုအတွက် ၁၀ ရာခိုင်နှုန်း တိုးမြှင့်သတ်မှတ်ရန် စဉ်းစားသင့်ကြောင်းနှင့် စီးပွားရေး အခြေအနေတိုးမြင့် ကောင်းမွန်လာသည်နှင့်အတူ တတိယနှစ်မှ ပဉ္စမနှစ် ကာလများတွင် လျှပ်စစ်ဓာတ်အားခနှုန်းများကို သုံးစွဲသူ အမျိုးအစားအလိုက် ထပ်မံ ပိုမိုကောက်ခံရေး စဉ်းစားသင့်ကြောင်း အမျိုးသားစွမ်းအင် မူဝါဒတွင် ဖော်ပြထားသည်။

၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ် ဓာတ်အားဖြန့်ဖြူးရာတွင် ကျပ် ၂၈၃ ဘီလျံ အရှုံးပေါ်ခဲ့ပြီး လက်ရှိ ဘဏ္ဍာနှစ်တွင်လည်း တစ်ယူနစ် ၂၂ ဒသမ ၆၇ ကျပ်အထိ အစိုးရက စိုက်ထုတ်နေရကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြချက်အရ သိရသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနိုင်ရန် ရေအားနှင့် သဘာဝဓာတ်ငွေ့ နည်းလမ်းများဖြင့် ဓာတ်အား ထုတ်လုပ်လျက်ရှိရာ တစ်ယူနစ် ပျမ်းမျှထုတ်လုပ်မှု ကုန်ကျစရိတ် ၉၃ ဒသမ ၆၇ ကျပ် ကျသင့်နေသည်။ သို့သော် အများပြည်သူသုံး၊ စက်မှုလုပ်ငန်းသုံးနှင့် စီးပွားရေးလုပ်ငန်းသုံးများအတွက် ဓာတ်အားဖြန့်ဖြူး ရောင်းချရာတွင် အနိမ့်ဆုံး ၃၅ ကျပ်နှင့် အမြင့်ဆုံး ကျပ် ၁၅၀ နှုန်းတို့ဖြင့် (တစ်ယူနစ် ပျမ်းမျှ ၇၁ ကျပ်နှုန်း) ပြန်လည် ဖြန့်ဖြူးခြင်းဖြစ်သဖြင့် တစ်ယူနစ်လျှင် ၂၂ ဒသမ ၆၇ ကျပ် နိုင်ငံတော်မှ စိုက်ထုတ်ကျခံ ဖြန့်ဖြူးပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်မှာလည်း မြင့်တက်နေပြီး ၂၀၁၆ ခုနှစ် မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက် ၃၂၃၆ မဂ္ဂါဝပ်ရှိပြီး အမှန်ထုတ်လုပ်နိုင်အား မဂ္ဂါဝပ်၂၇၀၀ရှိကာ လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းရန် လိုအပ်ချက် ၅၃၆ မဂ္ဂါဝပ် ရှိနေကြောင်း မြန်မာနိုင်ငံ လျှပ်စစ်ထုတ်လုပ်မှုနှင့် သုံးစွဲမှုဆိုင်ရာ အစီရင်ခံစာအရ သိရသည်။



Credit To >>> Eleven Media Group

0 comments:

Post a Comment