
နှစ်နှစ်အတွင်း ကမ္ဘာ့ဒုတိယအကြီးဆုံးသော စမတ်ဖုန်းထုတ်လုပ်သူဖြစ်လာဖို့ ရည်မှန်းထားတဲ့ တရုတ်ရဲ့ Huawei Technologies ကုမ္ပဏီအနေနဲ့ တရုတ်ပြည်မကြီး ဈေးကွက်မှာလက်ရှိ တတိယနေရာထိ အဆင့်လျော့ကျထားခဲ့ပေမယ့်လည်းမကြာမီ ဈေးကွက်ဦးဆောင်သူနေရာကို ပြန်ရအောင် အထူးကြိုးပမ်းသွားမယ်လို့ ထုတ်ဖော်ကတိပေးသွားခဲ့ပါတယ်။
အလားတူ ယင်းကုမ္ပဏီရဲ့ နောက်ဆုံးထုတ် တန်ဖိုးကြီး စမတ်ဖုန်းတွေနဲ့လည်း ကမ္ဘာ့ဦးဆောင်ဖုန်းကုမ္ပဏီတွေကို ယှဉ်နိုင်မယ်လို့ ယုံကြည်နေပါတယ်။Huawei ရဲ့လူသုံးကုန်စီးပွားရေးလုပ်ငန်းစုရဲ့ အမှုဆောင်အရာရှိချုပ် Richard Yu ကတော့ ၎င်းတို့ ကုမ္ပဏီအနေနဲ့ Huawei Mate 9 လို့ လူသိများတဲ့ အထူးအရည်အသွေးမြင့် တန်ဖိုးကြီးစမတ်ဖုန်း အနည်းဆုံး အလုံးရေ ၁၀ သန်းလောက်ထိရောင်းချသွားနိုင်မယ်လို့ မျှော်လင့်ထားကြောင်း ပြောသွားပါတယ်။
ယင်း စမတ်ဖုန်းတွေနဲ့ တရုတ်ပြည်မကြီးမှာရှိတဲ့ ငွေကြေးတတ်နိုင်တဲ့ စမတ်ဖုန်းအသုံးပြုသူတွေကို ထိပ်တန်းကုမ္ပဏီကြီးတွေဖြစ်တဲ့ Apple နဲ့ Samsung တို့နဲ့အပြိုင် ဆွဲဆောင်သွားနိုင်ဖို့ ရည်ရွယ်နေပါတယ်။
" Huawei အနေနဲ့ တန်ဖိုးကြီး စမတ်ဖုန်းထုတ်ကုန်တွေကို ထုတ်လုပ်နေပြီးတော့ ကျွန်တော်တို့ ထုတ်ယူသုံးစွဲရသေးခြင်မရှိသေးတဲ့ ဈေးကွက်တွေထဲကို ၀င်ရောက်သွားပါမယ်၊နောက်ဆုံး ဘယ်လောက်ထိတောင် မျှော်မှန်းထားသလဲဆိုရင်တော့ ဖုန်းအသုံးပြုသူတွေ ရဲ့အကြိုက်၊ ပိုမိုကောင်းမွန်တဲ့VR နည်းပညာ၊ ကင်မရာနဲ့ cloud computing၀န်ဆောင်မှုတွေလုပ်ဆောင်တဲ့နေရာမှာ Apple ထက်ပိုကောင်းနိုင်ဖို့ မှန်းထားပါတယ်" လို့ Richard Yu ကပြောသွားပါတယ်။
အလားတူ ကုမ္ပဏီအနေနဲ့ မတူညီတဲ့ ဈေးကွက်တွေထဲမှာကမ္ဘာ့ပြိုင်ဘက်တွေရော၊ ဒေသတွင်း ပြိုင်ဘက်ကုမ္ပဏီတွေနဲ့ပါ ယှဉ်ပြိုင်နေလျက်ရှိပြီး တရုတ်ပြည်မကြီးမှာလည်း မကြာခင်နံပါတ်တစ် ဖုန်းထုတ်လုပ်သူနေရာကို ပြန်လည်သိမ်းပိုက်သွားမယ်လို့ ၎င်းက ထပ်လောင်းပြောကြားသွားပါတယ်။
Credit To >>> SFJ Strategy First Journal
0 comments:
Post a Comment