Wednesday, September 21, 2016

ဟိုတယ်ဆောက်လုပ်ခွင့် ကန့်သတ်ခြင်းသည် ဈေးကွက်စီးပွားရေးနှင့် မညီညွတ်ဘဲ စီးပွားရေးတိုးတက်မှုကို နှောင့်နှေးစေ

ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ ရန်ကုန်၊ မန္တလေးနှင့် ညောင်ရွှေမြို့တို့တွင် ဟိုတယ်ဆောက်လုပ်ခွင့် တားမြစ်လိုက်ခြင်းသည် မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးမှုနှောင့်နှေးသော နိုင်ငံအတွက် ကန့်သတ်မှုသည် စီးပွားရေးတိုးတက်မှုကို နှောင့်နှေးစေကြောင်း စီးပွားရေးပညာရှင်များက ပြောသည်။
 
“ဘယ်နေရာမှာပဲ ဖြစ်ဖြစ် လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ရှိတယ်။ ကန့်သတ်တာတွေဖြစ်လာရင် ဖွံ့ဖြိုးမှုကို နှောင့်နှေးစေပါတယ်။ ဘယ်နေရာမှာ ဘာလုပ်လုပ် လွတ်လပ်စွာ ခွင့်ပြုပေးသင့်တယ်” ဟု စီးပွားရေးပညာရှင် ဦးလှမောင်က ပြောကြားသည်။
 
ခရီးသွားလုပ်ငန်းရှင်များကလည်း ၀န်ကြီးဌာနအနေဖြင့် နိုင်ငံခြားသားများ တည်းခိုရန် အရည်အသွေး ပြည့်ဝသော ဟိုတယ်များရှိနေသည်ဟု ယူဆရကြောင်းဟု သုံးသပ်ကြသည်။
 
ဝန်ကြီးဌာနသည် ရန်ကုန်အပါအ၀င် မန္တလေး၊ ညောင် ရွှေမြို့ကြီးသုံးမြို့တွင် ၀င်ရောက်လာ သည့် ဧည့်သည် အရေအတွက်ထက် ဟိုတယ်၊ မိုတယ်များ၏ အခန်းအရေ အတွက်များမှာ ပိုမိုများပြားနေခြင်း ကြောင့် ဟိုတယ်အသစ် တည်ဆောက်ခွင့်အား ကြီးကြပ်တားမြစ်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။
 
“ခေတ်စနစ်နဲ့ လျော်ညီတဲ့ စနစ်မျိုးနဲ့ သွားသင့်ပါတယ်။ ညွှန်ကြားချက်တစ်ခု၊ အမိန့်ကြေညာစာတစ်ခုကို ထုတ်ပြန်မယ်ဆိုရင် ရေရှည်ကို ကြည့်သင့်တယ်လို့ မြင်မိပါတယ်” ဟု Nature Dream Travels & Tours မှ မစပယ်အောင်က သုံးသပ်ပြောကြားသည်။
 
ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန၏နှစ်စဉ်၊ လစဉ်ကောက် ယူခဲ့သောစာရင်းများအရ ရန်ကုန်မြို့ ၏အခန်းငှားရမ်းမှု ရာခိုင်နှုန်းမှာ ၅၄ ရာခိုင်နှုန်းရှိပြီး အခန်းပိုမှုမှာ ၄၆ ရာခိုင်နှုန်းရှိကြောင်း၊ မန္တလေးမြို့၏ အခန်းငှားရမ်းမှုမှာ ၅၁ ရာခိုင်နှုန်းရှိ ပြီးအခန်းပိုမှုမှာ ၄၉ ရာခိုင်နှုန်းရှိကာ ညောင်ရွှေမြို့၏အခန်း ငှားရမ်းမှု ရာခိုင်နှုန်းမှာ ၂၈ ရာခိုင်နှုန်း၊ တောင်ကြီးမြို့၏ အခန်းငှားရမ်းမှု ရာခိုင်နှုန်း မှာ ၄၃ ရာခိုင်နှုန်းနှင့် ကလောမြို့၏ အခန်းငှားရမ်းမှု ရာခိုင်နှုန်းမှာ ၁၈ ရာခိုင်နှုန်းသာရှိကြောင်း သိရသည်။
 
“ဟိုတယ်ဆောက်လုပ်ခွင့် တားမြစ်လိုက်တဲ့ မြို့တွေမှာ ဟိုတယ်၊ မိုတယ်တွေတော့ အများကြီးရှိပါတယ်။ ဒါပေမဲ့ တိုင်းပြည်ရဲ့ ရည်ရွယ်ချက်က နိုင်ငံခြားသား ဧည့်သည်ကို ရည်ရွယ်တာလား။ ပြည်တွင်း ဈေးကွက်ပဲလား။ နိုင်ငံခြားသား ဧည့်သည်ကို ရည်ရွယ်တာ ဆိုရင်တော့ နိုင်ငံခြားသားတည်းခိုနိုင်တဲ့ အဆင့်ရှိတဲ့ ဟိုတယ်မျိုးက လက်ချိုးရေလို့ ရပါတယ်။ နည်းနေပါသေးတယ်လို့ ပြောချင်ပါတယ်” ဟု ဂျပန်ဧည့်လမ်းညွှန် တစ်ဦးဖြစ်သူ မနွယ်နွယ်က ပြောကြားသည်။
 
မြန်မာ့ခရီးသွားလုပ်ငန်းမှာ ၂၀၁၁ ခုနစ်ခန့်မှ စတင်ကာ တိုးတက်ခဲ့သော်လည်း ဟိုတယ်အခန်းခများ ဈေးကြီးမြင့်မှုကြောင့် မကြာခဏ ဝေဖန်ထောက်ပြစရာ ဖြစ်နေခဲ့သည်။
 
“ခရီးသွားတွေက သူတို့ ကြိုက်နှစ်သက်တဲ့ ဈေးနှုန်းနဲ့ ဟိုတယ်ကို တည်းခိုခွင့်ရှိရမယ်။ ၀န်ဆောင်မှုမကောင်းပဲ ထိုင်း- စင်ကာပူတို့ထက် ဈေးကြီးနေတာတွေကြောင့် မကြာခဏ ပြသ၁နာတွေ တက်ခဲ့တယ်။ ဈေးကွက်စီးပွားရေး သဘောက အစိုးရက ၀င်ကန့်သတ်တာမျိုး မရှိသင့်ဘူး။ သူ့ဈေးနဲ့သူ တတ်နိုင်သလောက် လုပ်ကြပါစေပေါ့။ များလာရင် အခန်းခ ဈေးပေါတဲ့ ဟိုတယ်တွေလည်း ပိုပေါလာမှာ ဖြစ်တဲ့အတွက် သာမန် တစ်နိုင်တစ်ပိုင် ခရီးသွားတွေ အတွက် ပိုတောင် အထောက်ကူဖြစ်စေဦးမယ်။ အခုက ဟိုတယ်ပိုင်ပြီးသား လူပဲ လုပ်ငန်းဆက်လုပ်ဆိုတဲ့ သဘောဖြစ်နေတယ်” ဟု ရန်ကုန်မြို့မှ ခရီးသွားလုပ်ငန်းရှင် တစ်ဦးကလည်း မှတ်ချက်ပြုသည်။
 
ဟိုတယ် တည်ဆောက်ခွင့် ကြီးကြပ်တားမြစ်ခြင်းသည် ၀င်ရောက်သည့် ဧည့်သည်နှင့် အခန်းမျှတအောင် ဆောင်ရွက်ခြင်း ဖြစ်သော်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရတို့မှ ထပ်မံဆောက်လုပ်ရန် စိစစ်ထောက်ခံပေးပါ ဆောက်လုပ်ခွင့်ပြု သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန၊ ပြည်တွင်း/ပြည်ပ ဆက်ဆံရေးနှင့် သတင်းပြန်ကြား ရေးဌာနခွဲမှ ညွှန်ကြားရေးမှူးဦးမြင့်ထွေးက ပြောသည်။
 
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်အရ ယခုနှစ် သြဂုတ်လကုန်အထိ ဟိုတယ်၊ တည်းခိုခန်း ၁,၃၇၁ လုံး (အခန်းပေါင်း ၅၄,၀၀၀ ခန့်) အထိ လုပ်ငန်းလိုင်စင်များ ချထားပေးပြီး ဖြစ်ကြောင်း သိရသည်။
 
ဟိုတယ်ခရီးဝန်ကြီး ဦးအုန်းမောင်မှာ ဟိုတယ်လုပ်ငန်းရှင် တစ်ဦးဖြစ်ပြီး ဟိုတယ် တည်ဆောက်ခွင့် ကန့်သတ်လိုက်သည့် ရှမ်းပြည်နယ်တောင်ပိုင်း ဒေသတွင် ဟိုတယ်များ ပိုင်ဆိုင်သည်ဟု သတင်းများ ထွက်ပေူနေသည်။
 
Credit To >>> The Ladies News

0 comments:

Post a Comment