Monday, July 11, 2016

တနင်္သာရီ ပစ်ခတ်တိုက်ခတ်မှု စောင့်ကြည့်ရေးကော်မတီ ဒုဥက္ကဋ္ဌ တာဝန်မှ နုတ်ထွက်ရန်ကိစ္စ ညှိနှိုင်း

တနင်္သာရီတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S)ဒုဥက္ကဋ္ဌ (၁) အဖြစ် တာဝန်ယူထားသူ ကရင်အမျိုးသားအစည်းအရုံး (KNU)မှ စစ်ဆင်ရေးမှူး ဗိုလ်မှူးကြီး စောမူးကယ်က ကော်မတီမှ နုတ်ထွက်ရန် တင်ပြထားမှုကို နှစ်ဖက်ညှိနှိုင်းလျက်ရှိကြောင်း ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်မှု ကော်မတီထံမှ သိရသည်။

တနင်္သာရီ တိုင်းဒေသကြီး KNU ထိန်းချုပ်ထားသည့် ထီးခီးနယ်စပ်ဂိတ်ကို ပိတ်သိမ်းရန် တိုင်းဒေသကြီး အစိုးရက ညွှန်ကြားလာပြီးနောက် နှစ်ဖက်ပူးတွဲ ဖွဲ့စည်းထားသည့် ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ရေး ကော်မတီ ဒုတိယဥက္ကဋ္ဌတာဝန်မှ နုတ်ထွက်မည်ဖြစ်ကြောင်း KNU အဖွဲ့မှ ဗိုလ်မှူးကြီး စောမူးကယ်က စာပေးပို့ တင်ပြလာခြင်းဖြစ်သည်။

သို့သော်လည်း ယင်းသို့ ရာထူးမှ နုတ်ထွက်ရန် တင်ပြလာခြင်းသည် ပုဂ္ဂလိက သဘောထားသာဖြစ်ပြီး KNU အဖွဲ့အစည်း၏ သဘောထား မဟုတ်သောကြောင့် ဗိုလ်မှူးကြီး စောမူကယ် နုတ်ထွက်မည်ဆိုပါက အခြားတစ်ဦးကို အစားထိုး ခန့်အပ်မည်ဟု KNU အဖွဲ့က အကြောင်းပြန်ကြားထားကြောင်း (JMC-U) အတွင်းရေးမှူး ဒေါက်တာ မင်းဇော်ဦးက ရှင်းပြသည်။

“မနုတ်ထွက်ဖို့ကို ဆက်လက်ဆွေးနွေးနေတုန်းပဲ။ အကယ်၍ နုတ်ထွက်ခဲ့ရင်လည်း နောက်ထပ် KNU ရဲ့ တာဝန်ရှိသူ တစ်ယောက်ကို ထပ်ခန့်ဖို့ သူတို့က ပြောပါတယ်”ဟု ၎င်းက ဆိုသည်။

ကရင်အမျိုးသား အစည်းအရုံး (KNU)၏ စစ်ဆင်ရေးမှူး တစ်ဦးဖြစ်သည့် ဗိုလ်မှူးကြီး စောမူကယ်သည် KNU ၏ ထီးခီးအကောက်ခွန်ဂိတ်ကို တနင်္သာရီတိုင်းဒေသကြီး အစိုးရက ပိတ်ခိုင်းမှုဖြစ်ပွားပြီးနောက် ဇွန်လ ၃၀ ရက်တွင် ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) ဒုတိယ ဥက္ကဋ္ဌ တာဝန်မှ နုတ်ထွက်လိုကြောင်း စာပေးပို့ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင်လည်း ထီးခီးနယ်စပ်ဂိတ် မပိတ်သိမ်းရေးအတွက် နှစ်ဖက်သဘောတူညီမှု ရရှိထားပြီးဖြစ်ကြောင်း JMC-U ထံမှ သိရသည်။

ပြည်နယ်အဆင့် JMC-S များကို ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် အသီးသီး ဖွဲ့စည်းထားပြီး ဖြစ်သည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment