Friday, March 11, 2016

ဒေါ်လာ ၆၂ သန်း မြှုပ်နှံမည့် တညင်းကုန်း သားငါးထုတ်ကုန် ရောင်းဝယ်ရေး စီမံကိန်းကို မွေး/ရေ ၀န်ကြီးဌာန၏ MICA နှင့် GDC ကုမ္ပဏီတို့ လက်သိပ်ထိုး အမြန်ဆောင်ရွက်နေမှုအတွက် လျော်ကြေးများ ရယူလိုကြောင်း မူလလယ်ပိုင်ရှင်များ ရှင်းလင်း

ဒေါ်လာ ၆၂ သန်း မြှုပ်နှံသွားမည်ဆိုသည့် တညင်းကုန်း နိုင်ငံတကာအဆင့်မီ သားငါးထုတ်ကုန် ရောင်းဝယ်ရေးဈေး စီမံကိန်းကို အချိန်နှစ်လအတွင်း မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာန၏ မြန်မာအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ- MICA နှင့် Golden Dragon Construction Co.,Ltd. (GDC) တို့ လက်သိပ်ထိုး အမြန်ဆောင်ရွက် နေမှုအတွက် ညှိနှိုင်းမှုနှင့် လျော်ကြေးများ မြေအစားထိုး ပေးမှုများ ပြန်လည်ရယူလိုကြောင်း မူလလယ်ပိုင်ရှင်များက မတ်လ ၁၀ ရက်တွင် သတင်းစာ ရှင်းလင်းခဲ့သည်။

အဆိုပါ စီမံကိန်း တည်ဆောက်မည့် မြေနေရာဖြစ်သည့် ကွင်းအမှတ် ၄၀၄-က ဦးပိုင် အမှတ် ၄၀မှ ၆၀ အထိ တောင်ကွင်းကို ဦးမြခိုင် အပါအ၀င် လယ်သမား ခြောက်ဦးက ၁၉၅၃-၁၉၅၄ ခုနှစ်မှ စတင်၍ စပါးစိုက်ပျိုးမှုများ ပြုလုပ်ခဲ့ပြီး ၁၉၉၆ တွင် စက်မှုဝန်ကြီးဌာနက နို့တစ်စာ မပါဘဲ နှုတ်မိန့်ဖြင့် မြေသိမ်းမှု ပြုလုပ်ခဲ့သည်။ ထိုသို့ မြေသိမ်းမှုကို ဦးသိန်းစိန် လက်ထက်တွင် လယ်သမားများပိုင်မြေ ပြန်လည်ပေးအပ်ရန် ခုနစ်ကြိမ်တိတိ စာတင်ခဲ့သော်လည်း ထူးခြားမှု မရှိခဲ့ဟု မြေသိမ်းခံ ဦးမြကြိုင်၏ သားဖြစ်သူ ဦးကိုကိုလွင်က ရှင်းလင်းသည်။
ထို့နောက် စက်မှု (၁) မှ အဆိုပါ မြေနေရာကို ပြန်လည်စွန့်လွှတ်သည်ဟု ကြေညာခဲ့ပြီး လယ်သမားများကို ပြန်လည် ပေးမှုမရှိခဲ့ဘဲ မွေးရေ၀န်ကြီးဌာနက လွှဲပြောင်းရယူကာ တညင်းကုန်း နိုင်ငံတကာ အဆင့်မီ သားငါးထုတ်ကုန် ရောင်းဝယ်ရေး စီမံကိန်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
"ဒီစီမံကိန်းကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၃ ရက်မှာ သားထုတ်ကုန် ရောင်းဝယ်ရေးဈေး ဆောက်လုပ်ဖို့ အဆိုပြုလွှာ ခေါ်တယ်။ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်မှာ GDC က ဒေါ်လာ ၆၂ သန်း အကုန်အကျခံပြီး စီမံကိန်းလုပ်မယ် လက်မှတ်ထိုးကြတယ်။ အချိန်တိုလေး အတွင်းမှာ ဒီစီမံကိန်းကို အမြန်အကောင်အထည် ဖော်သွားတာ လွှတ်တော်မှာ ဒေါ်ခင်စန်းလှိုင် ဆွေးနွေးသွားသလို သူတို့ မဆင်းခင်မှာ လက်ဝါးချင်းရိုက်ပြီး လက်သိပ်ထိုး အမြန်ဆောင်ရွက်နေတယ်လို့ မြင်တယ်" ဟု အဆိုပါ စီမံကိန်းတွင် လယ်သိမ်းခံရသူ ဦးထွန်းရွှေက ဆိုသည်။
တညင်းကုန်း နိုင်ငံတကာအဆင့်မီ သားငါးထုတ်ကုန် ရောင်းဝယ်ရေးဈေးသည် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် တညင်းကုန်း ကွင်းအမှတ် (၄၀၄-က) တွင်ရှိပြီး မြေဧရိယာ ၆၄ ဒသမ ၅၄ ဧက ကျယ်ဝန်းသည်။ GDC ကုမ္ပဏီအနေဖြင့် စီမံကိန်းကို အပိုင်းသုံးပိုင်း ခွဲခြားပြီး ဦးစားပေး အနေဖြင့် Whole Sale Market တစ်ခုနှင့် အအေးခန်း သိုလှောင်ရုံ နှစ်လုံးတို့ကို ပထမဦးဆုံး ပြီးစီးအောင် ဆောင်ရွက်ရန် သတ်မှတ်ထားသည်။
အဆိုပါ စီမံကိန်းအ ကောင်အထည် ဖော်ဆောင်နေမှု အခြေအနေနှင့် ပတ်သက်၍ မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကို ဆက်သွယ်ရာ ဖုန်းပိတ်ထားပြီး သားငါးထုတ်ကုန် ရောင်းဝယ်ရေး ဈေးဆောက်လုပ်ရန် အဆိုပြုလွှာ ခေါ်ယူသည့် မြန်မာ့အလင်း သတင်းစာပါ ဖုန်းသို့ ဆက်သွယ်ရာတွင်လည်း အဆိုပါဌာနနှင့် မသက်ဆိုင်ကြောင်းနှင့် မြန်မာအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ- MICA သည် မွေးရေ၀န်ကြီးဌာနမှ ထူထောင်ထားသည့် အဖွဲ့အစည်း ဖြစ်ကြောင်းသာ တုံ့ပြန်ခဲ့သည်။
"ကျွန်တော်တို့ကို ဘာတစ်ခုမှ လာညှိနှိုင်းတာလည်း မရှိဘူး။ ကျွန်တော်တို့ အနေနဲ့ နိုင်ငံတော် ဖွံ့ဖြိုးရေးအတွက် စီမံကိန်း ဆက်လုပ်မယ်ဆိုရင် ကာလတန်ကြေးထက် မနိမ့်တဲ့ မြေယာလျော်ကြေး လိုချင်တယ်။ မြေအစားထိုးပေးမယ် ဆိုရင်လည်း လက်ရှိနေရာထက် မနိမ့်တဲ့မြေ ပြန်လိုချင်ပါတယ်။ ကျွန်တော်တို့ကို ကြိုတင်အသိပေး ညှိနှိုင်းမှုမရှိဘဲ ဆက်လုပ်မယ်ဆိုရင် ကျွန်တော်တို့ကို ကြိုက်တာ လုပ်သွား၊ လုံးဝဖယ်မပေးနိုင်ဘူး။ ကျွန်တော်တို့ ထောင်ကျခံသွားမယ်" ဟု မြေသိမ်းခံ ဦးမြကြိုင်၏ သားဖြစ်သူ ဦးကိုကိုလွင်က ပြောကြားသည်။
မြေဧရိယာ ၆၄ ဧကကျော်တွင် တည်ဆောက်မည့် တညင်းကုန်း နိုင်ငံတကာအဆင့်မီ သားငါးထုတ်ကုန် ရောင်းဝယ်ရေးဈေး စီမံကိန်း (Whole Sale Market) အတွက် ကန်ဒေါ်လာ ၆၂ သန်း မြှုပ်နှံသွားမည် ဖြစ်ကြောင်း အဆိုပါစီမံကိန်းကို မွေးရေ၀န်ကြီးဌာန၏ မူဝါဒများ၊ လမ်းညွှန်မှုများနှင့် သတ်မှတ်ချက်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း  Golden Dragon Construction Co.,Ltd. (GDC) မှ မန်နေဂျင်း ဒါရိုက်တာ ဦးစိုင်းမျိုးဝင်းက ပြောကြားထားသည်။
Credit To >>> Eleven Media Group 

0 comments:

Post a Comment