Friday, November 6, 2015

ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်မည့် ကျောက်တန်းမြို့နယ် ကျေးရွာအချို့၌ မဲပေးထားပြီးသော ကြိုတင်မဲပုံးများကို အုပ်ချုပ်ရေးမှူး အိမ်တွင် သိမ်းထားသည့် အပေါ် NLD ကိုယ်စားလှယ်လောင်း ကန့်ကွက်

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအုန်းမြင့် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက် ယှဉ်ပြိုင်မည့် ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်ရှိ ကျေးရွာ အချို့တွင် မဲပေးထားပြီးသော ကြိုတင်မဲ ပုံးများကို ရပ်ကွက် အုပ်ချုပ်ရေးမှူးအိမ်တွင် သိမ်းထားသည့် အပေါ် အဆိုပါ မဲဆန္ဒနယ်တွင် ၀ယ်ရောက် ယှဉ်ပြိုင်မည့် NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်အေးမြမြမျိုးက တရားဝင် ကန့်ကွက်စာ တင်ခဲ့ကြောင်း သိရသည်။

“ကျန်တဲ့နေရာတွေ ကျေးရွာတွေမှာ ဘယ်လိုပုံစံနဲ့ သိမ်းနေဆိုတာတော့ အစ်မ မသိရဘူးလေ။ ရွာတွေက အများကြီးဆိုတော့ အစ်မသိသလောက်တော့ နိုဝင်ဘာ ၃ ရက်က ကြိုတင်မဲ ပုံးတွေ လိုက်စစ်တဲ့ အခါမှာ သီလ၀ါဘက် ရွှေပြည်သာ ရပ်ကွက်မှာ အုပ်ချုပ်ရေးမှူုးရဲ့ အိမ်ရဲ့ရှေ့မှာကို တဲလေးထိုးပြီးတော့ ယာယီရုံးလို လုပ်ထားတာ။ အဲဒါ နာဂစ်ကတည်းက ပျက်သွားတဲ့ ရုံးက ပြန်မပြင်ရသေးတာ။ ရုံးကိုက အဲဒီလို ဖြစ်နေတော့ အုပ်ချုပ်ရေးမှူး အိမ်မှာပဲ မသိမ်းရင် မဲပုံးက သိမ်းစရာ နေရမရှိဘူး ဖြစ်နေတယ်။ အဲဒါတော့ အစ်မ မျက်မြင် ကိုယ်တွေ့ပါ။ နောက်တစ်ခုကတော့ ရွှေပျောက် ကျေးရွာမှာပါ။ အဲဒီမှာက မဲရုံခြောက်ရုံရှိတယ်။ လေးရုံမှာပဲ အလုပ်လုပ်သေးတယ်။ ကျန်တဲ့ နှစ်ပုံးက မရှိဘူး။ တစ်ပုံးက ရှိနေတယ် သူတို့က မပိတ်ရသေးဘူး။ အစ်မတို့ကလည်း ပိတ်ထားဖို့ လိုတယ်လို့ ပြောတော့ ပိတ်တယ်။ မဲပုံး နောက်တစ်ပုံးကတော့ အုပ်ချုပ်ရေးမှူး အိမ်မှာ သွားယူရတယ်။ ယူတာကို ထိုင်စောင့်ပြီးမှ ပိတ်ခဲ့ရတယ်။ ပိုဆိုးတာက ကြိုတင်မဲ ပေးထားပြီးသား ပုံးတွေကို သိမ်းတဲ့အခါမှာ အုပ်ချုပ်ရေးမှူး အိမ်မှာ သိမ်းတယ်ဆိုတဲ့ သတင်းတွေ ရတာပေါ့။ အစ်မရဲ့ မဲရုံကိုယ်စားလှယ်က လှမ်းပြီး အကြောင်းကြားတော့ အစ်မက မြို့နယ် ကော်မရှင် ဥက္ကဋ္ဌကို ပြောတယ်။ ဥက္ကဋ္ဌကတော့ လုံခြုံရေး မရသေးလို့ပါတဲ့။ အထူးရဲ လုံခြုံရေးတွေက ၆ ရက်၊ ၇ ရက်လောက်မှ ရမှာ မို့လို့ပါတဲ့။ ဒီကြားထဲမှာ မလုံခြုံဘူးဆိုလို့ အုပ်ချုပ်ရေးမှူး အိမ်မှာ သိမ်းထားရတာပါလို့ ပြောတယ်။ အစ်မကတော့ ရုံးမှာမှတောင် မလုံခြုံဘူးဆိုရင် ကျွန်မတို့ ဘယ်လိုလုပ်ပြီး လုံခြုံတော့မှာလဲ။ လုံခြုံရေး အကြောင်းပြပြီး အိမ်မှာ သိမ်းထားတယ်ဆိုတာ ကျွန်မကန့်ကွက်တယ်။ ဒါက အိမ်မှာ သိမ်းရမယ့် ပစ္စည်းမဟုတ်ဘူးလို့ ပြောတော့ ဥက္ကဋ္ဌက ဆောင်ရွက်ပေးပါမယ်လို့ ပြောတယ်” ဟု NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်အေးမြမြမျိုးက ပြောကြားသည်။
ဒေါ်အေးမြမြမျိုးက ဆက်လက်ပြီး “နိုဝင်ဘာ ၄ ရက်နေ့မှာလည်း တံတားမြို့ တံတားအမှတ် (၄) ရက်ကွက်မှာလည်း အုပ်ချုပ်ရေးမှူး အိမ်မှာပဲ သိမ်းထားတယ်လို့ သိရတယ်။ တခြားရွာတွေမှာ ဘယ်လိုတွေ သိမ်းထားတယ် ဆိုတာ စုံစမ်းရဦးမှာပါ။ အစ်မကတော့ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်မှာ တရားဝင် ကန့်ကွက်ခဲ့ပါတယ်။ တရားဥပဒေ အရလည်း ဒီလိုမျိုး သိမ်းခွင့်ပေးမထားဘူး။ လုံခြုံရေးအရတော့ အကြောင်းပြတယ်။ အစ်မကတော့ လုံးဝ လက်မခံပါဘူး။ ကော်မရှင်ရုံးမှာတောင် မလုံခြုံဘူးဆိုရင် အစ်မတို့က ဘယ်လို ယုံကြည်ရမှာလဲ။ မဲပုံးတွေရဲ့ လုံခြုံမှုကို အစ်မလုံးဝ မယုံကြည်ဘူး။ မဲပေးထားပြီးသား ပုံးတွေကို အိမ်မှာ သိမ်းထားလို့ အစ်မက ကန့်ကွက်တာပါ” ဟု ပြောကြားသည်။
အဆိုပါ ကန့်ကွက်စာကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်အဖွဲ့၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အောင်နိုင်ရေးအဖွဲ့၊ ရွေးကော်ပွဲဆိုင်ရာ စေ့စပ် ညှိနှိုင်းရေးအဖွဲ့၊  ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး အဖွဲ့များအား ပေးပို့ခဲ့ကြောင်း သိရသည်။
ဒေါ်အေးမြမြမျိုးသည် ကျောက်တန်း မဲဆန္ဒနယ်တွင်ရှိသည့် ကျေးရွာအုပ်စု  ၅၇ စု ၊ ကျေးရွာခွဲ ၈၀ အား မဲဆွယ် စည်းရုံးမှုများ ပြုလုပ်ခဲ့ပြီး အဆိုပါ မဲဆန္ဒနယ်တွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအုန်းမြင့်က ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကာ ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဒေါ်အေးမြမြမျိုး၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ်မှ ဦးစိုးကြည်၊ တောင်သူ လယ်သမား ဖွံ့ဖြိုးတိုးတတ်ရေး ပါတီမှ ဦးစိုးလှိုင်နှင့်  မြန်မာ လူဘောင်သစ် ဒီမိုကရက်တစ် ပါတီမှ ဦးဇင်အောင်တို့ ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။
ကျောက်တန်းမြို့နယ်တွင် မဲပေးနိုင်သည့်  လူဦးရေ ၁၂၆၀၀၀ ကျော်ရှိပြီး ကျောက်တန်းမြို့ပေါ် ရပ်ကွက် ကိုးရပ်ကွက် ၊ မြို့နယ်ခွဲ တစ်မြို့နယ်၊ ကျေးရွာအုပ်စု  ၅၇ စု ၊ ကျေးရွာခွဲ ၈၀ ရှိကြောင်း သိရသည်။
 
 
Credit To >>> Eleven Media Group

0 comments:

Post a Comment