ရှားတောမြို့နယ် မဲဆန္ဒနယ် အမှတ် (၇ ) အမျိုးသားလွှတ်တော်နေရာတွင် တသီးပုဂ္ဂလ
ဝင်ရောက်ယှဉ်ပြိုင်သော ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ၏
မဲဆွယ်စည်းရုံးရေးခရီးစဉ်တွင် KNPP အဖွဲ့ဝင်အချို့ လိုက်ပါခြင်းကြောင့်
ဒေသခံပြည်သူများ နှင့် နိုင်ငံရေးပါတီများ စိုးရိမ်နေကြကြောင်း သိရသည်။
“KNPP ရဲဘော်တွေ ပါဝင်နေတာတော့မဟုတ်ပါဘူး။ရှားတော မြို့နယ်
မြောက်ပိုင်းကျေးရွာအုပ်စု က မြို့နယ် မှူးအဆင့်ရှိတဲ့ သူက
ကိုယ်တိုင်လိုက်သွားတယ်။ သူက လိုက်ပြီးတော့ ဘယ်လိုပြောရမှာလဲ။
ဦးအောင်မင်းတို့ အနိုင်ရရှိမှ ငြိမ်းချမ်းရေးဆိုတာ ရနိုင်မယ်ပေါ့လေ။ အဲလို
လိုက်ပြီးတော့ ဟောပေးတာပေါ့။ အဲလိုမျိုး ကျနော် သိရတာပေါ့။ ဒီရွာကလူတွေ
ပြောပြတာပေါ့။စကားပြန်နဲ့ လိုက်တာလည်းမဟုတ်ဘူး။ သူတို့ စကားပြန်ရှိပြီးသား
။” ဟု ရှားတောမြို့နယ် ကယားလူမျိုးစုဒီမိုကရေစီပါတီဝင် တစ်ဦးက ဆိုသည်။
ထိုကဲ့သို့ ဦးအောင်မင်း အောင်နိုင်ရေးမဲဆွယ်စည်းရုံးရေးတွင်
လိုက်ပါခြင်းဖြင့် ဒေသခံများက အထင်အမြင်လွှဲမှားစေနိုင်သည့်အတွက်
စိုးရိမ်မိခြင်းဖြစ်သည်ဟုဆိုပါသည်။
“KNPP က ဦးအောင်မင်း မဲဆွယ်စည်းရုံးရေးမှာ လိုက်ပါနေတယ် ဆိုတဲ့ သတင်းက
ထွက်နေတယ်။ KNPPလူတွေကလည်း ဒီကိစ္စက မဟုတ်ဘူးဆိုပြီး ငြင်းပြန်ရော။ ဒါပေမယ့်
သတင်းက ကြားနေတယ်။ ဘယ်လိုလဲတော့ မသိဘူး။” ဟု NLD ကို အားပေးထောက်ခံသူ
ရှားတောမြို့မှ လူငယ်တစ်ဦးက ဆိုသည်။
ထိုကဲ့သို့ KNPP ၀င် တချို့က ဦးအောင်မင်း မဲဆွယ်ခရီးစဉ်တွင်
လိုက်ပါခြင်းကြောင့် အခြားပါတီများအတွက် သံသယဖြစ်နေသလို
အဟန့်အတားဖြစ်နေကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်(ကျားဖြူ)
ပါတီဝင် တစ်ဦးပြောသည်။
၎င်းနှင့်ပတ်သက်ပြီး ဦးအောင်မင်း
ဆန်အိတ်(၂၀၀)လာရောက်စည်းရုံးရေးဆင်းချိန်တွင် KNPP ဘက်မှတပ်များကလည်း
ရောက်ရှိနေသည့်အချိန်ဖြစ်သည့်အတွက် တိုက်ဆိုက်သွားခြင်းဖြစ်သည်ဟု
လွိုင်ကော်မြို့နယ် KNPP ဆက်ဆံရေးရုံမှ တာဝန်ခံ ခူးညေးရယ်က ပြောပါသည်။
၎င်းက “အမှန်ကတော့ ဦးအောင်မင်းက ဆန်ကူညီတယ်လေ။ ပြီးခဲ့တဲ့တခေါက်က။
ဆန်ကူညီတော့ ဘယ်လိုပါတီ ပဲဖြစ်ဖြစ် အကူအညီလာပေးရင် လူထုဆီ
စနစ်တကျရောက်အောင်တော့ ကျနော်တို့ကူညီရတာပဲလေ။ ဘာဖြစ်လို့လဲဆို ဥပမာ -
ငြိမ်းဖောင်ဒေးရှင်းလည်းကျနော်တို့ကူညီတယ်။ ပြီးခဲ့တဲ့
မော်ချီးတောင်ပြိုတုန်းကလည်း ကျနော်တို့သွားကူညီတာပဲလေ။” ဟု ပြောသညါ။
KNPP သည် လက်ရှိမဲဆွယ်စည်းရုံးရေးအချိန်တွင် လူမှုအကူအညီကို
ကူညီနေခြင်းမဟုတ်ပဲ ယခင် အပစ်အခတ်ရပ်စဲရေးမယူချိန်ကတည်းက
မြို့နှင့်အလားဝေးသော ကျေးရွာတွေမှာ ကျန်းမာရေး၊ စားဝတ်နေရေး စသဖြင့်
ကူညီခြင်းတွင် ပြုလုပ်လာခဲ့ကြောင်း ခူးညေးရယ်က ဆက်ပြောသည်။
ဦးအောင်မင်းသည် မဲဆွယ်စည်းရုံရေးကာလတွင် မဲဆန္ဒနယ်ရှိ ကျေးရွာများကို
ဆန်များပေးခြင်း ၊ အခမဲ့ ဆေးပေးခန်းဖွင့်လှစ်ပေးခြင်း၊ ရိုးရာ ဒီးကပွဲတွင်
သိန်း(၁၀၀) က လှူဒါန်းခဲ့ပြီး ရှားတောမြို့ပေါ် ပျံလွန်တော်မူသော
ဘုန်းကြီးတစ်ပါးကို သိန်း(၁၀၀)၊ လာမည့် ရှမ်းနှစ်သစ်ကူးတွင် လည်း
သိန်း(၁၀၀) လှူဖို့လည်းရှိကြောင်း သိရပါသည်။
ယခင် ၂၀၁၀ ရွေးကောက်ပွဲတွင် ရှားတောမြို့နယ်တွင်း အမျိုးသားလွှတ်တော်
မဲဆန္ဒနယ် ၂ နေရာရှိခဲ့ရာ ယခုရွေးကောက်ပွဲတွင် တစ်မြို့နယ်လုံး
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် အမှတ် ၇ တစ်ခုတည်းသာ ရှိတော့သည်။
ရှားတောတစ်မြို့နယ်လုံး မဲဆန္ဒရှင်စာရင်းစုစုပေါင်း ၄၂၅၀ ကျော် ရှိပြီး မဲရုံ ၉ ရုံ ရှိသည်။
Credit To .>> > Thit Htoo Lwin
Friday, November 6, 2015
ဦးအောင်မင်းမဲဆွယ်ခရီးစဉ် KNPP ပါဝင်နေခြင်း ဒေသခံများစိုးရိမ်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment