Friday, November 6, 2015

မဲဆွယ်စည်းရုံးမှုများ ယနေ့ည ၁၂ နာရီ နောက်ဆုံးထား လုပ်ဆောင်ရမည်ဖြစ်ပြီး မဲဆွယ်စည်းရုံးရေး ဆိုင်းဘုတ်များ ဖြုတ်သိမ်းရမည်ဖြစ်ကာ ပြည်သူများ အနေဖြင့်လည်း ကိုယ်ပိုင်ဆန္ဒအရ ချိတ်ဆွဲကပ်ထားသည့် ပါတီတံဆိပ်များ ဖြုတ်သိမ်းရန် လိုအပ်


မဲဆွယ် စည်းရုံးမှုများကို နိုဝင်ဘာ ၆ ရက်ည ၁၂ နာရီ နောက်ဆုံးထား လုပ်ဆောင်ရမည်ဖြစ်ပြီး မဲဆွယ်စည်းရုံးရေး ဆိုင်းဘုတ်များ ဖြုတ်သိမ်းရမည်ဖြစ်ကာ ပြည်သူများ အနေဖြင့်လည်း ကိုယ်ပိုင်ဆန္ဒအရ ချိတ်ဆွဲ ကပ်ထားသည့် ပါတီတံဆိပ်များအား ဖြုတ်သိမ်းရန် လိုအပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
နိုင်ငံရေး ပါတီဝင်များ ဖြစ်စေ၊ သာမန် မဲဆန္ဒရှင် ပြည်သူများဖြစ်စေ ရွေးကောက်ပွဲတွင် မဲရုံသို့ သွားရောက်ရာ၌ မဲဆွယ်စည်းရုံးမှု သဘောရောက်စေမည့် ပါတီအမှတ်တံဆိပ် အင်္ကျီအား ၀တ်ဆင်ခြင်း၊ ပါတီအလံ ထောင်ထားခြင်းနှင့် တံဆိပ်ကပ်ထားသည့် ကား၊ ဆိုက္ကား၊ ဆိုင်ကယ်များ စီးနင်းသွားခြင်းတို့ ဆောင်ရွက်ခြင်း မပြုရန် လိုအပ်ပြီး ဆောင်ရွက်ပါက ရွေးကောက်ပွဲ ဥပဒေနှင့် အရေးယူ ခံရမည်ဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခွင့်အား စက်တင်ဘာ ၈ ရက်မှ နိုဝင်ဘာ ၆ ရက်အထိ ရက်ပေါင်း ၆၀ သတ်မှတ်ပေးခဲ့ပြီး နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲကျင်းပမည့် မတိုင်မီ တစ်ရက်အလို နိုဝင်ဘာ ၇ ရက်အား Silent Day အဖြစ် သတ်မှတ်ကာ မဲဆွယ်စည်းရုံးမှု ကိစ္စရပ်များ လုပ်ဆောင်ခြင်း မပြုရန် နိုင်ငံရေး ပါတီများအား ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ညွှန်ကြားချက် ထုတ်ပြန်ထားသည်။

မဲဆန္ဒရှင် ပြည်သူများ အနေဖြင့် မိမိ ကြိုက်နှစ်သက်ရာ ပါတီတံဆိပ်၊ အလံများအား အိမ်များ၊ ကားများ၊ ဆိုင်ကယ်၊ ဆိုက္ကားများတွင် ချိတ်ဆွဲကပ်ထားမှုအား ဖြုတ်သိမ်းခြင်း မပြုဘဲ ဆက်လက်တပ်ဆင်ထားပါက မဲဆွယ်စည်းရုံးမှု သဏ္ဍာန်ဖြစ်ပေါ်ကာ သက်ဆိုင်ရာ မိမိထောက်ခံသည့် ကိုယ်စားလှယ်လောင်းအား ထိခိုက်နိုင်သည့်အပြင် ထိုသို့ တပ်ဆင်ထားမှုအား မဲဆွယ်စည်းရုံးမှုအဖြစ် ယူဆတိုင်ကြားခံနိုင်သောကြောင့် ကြိုတင် ဖြုတ်သိမ်းထားရန် လိုအပ်မည်ဖြစ်သည်။

“ရက်ပေါင်း ၆၀ ပေးပြီးပြီဆိုတော့ သက်ဆိုင်ရာ ပါတီတွေ အားလုံးကလည်း မဲဆွယ်ပြီးပြီ။ သူတို့ကို ကိုယ်စားပြုပြီး ၀န်းရံတဲ့ သူတွေကလည်း ၀ိုင်းဆွယ်ပြီးပြီ။ ဒီလောက်ဆို ကျေနပ်ဖို့ ကောင်းပြီပေါ့နော်။ Silent Day ဆိုတဲ့ အဓိပ္ပာယ်သည် ပြည်သူတွေအားလုံး။ အဲဒီထဲမှာ ပါတီဝင်တွေကော၊ မဲဆွယ်တဲ့သူတွေကော၊ မဲမဆွယ်တဲ့ သူတွေကော သူတို့က အဲဒီနေ့ကြရင် စဉ်းစားမယ်။ ဒို့ဘယ်ပါတီကို မဲပေးရင် ကောင်းမလဲ တစ်ရက်စဉ်းစားမယ်။ အဲဒီ အချိန်မှာ မရှုပ်နဲ့တော့လေ။ မလိုလားတဲ့ ပြဿနာတွေ ဖြစ်လာရင် မကောင်းဘူး” ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောကြားသည်။

ရွေးကောက်ပွဲ ဥပဒေတွင် ရွေးကောက်ပွဲနေ့၌ မဲရုံအတွင်း၌ ဖြစ်စေ၊ မဲရုံမှ ကိုက် ၅၀၀ အကွာအတွင်း၌ ဖြစ်စေ မဲဆွယ်ခြင်း၊ မဲဆန္ဒရှင် တစ်ဦးဦးအား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဦးကို ဆန္ဒမဲပေးရန် တောင်းဆိုခြင်း သို့မဟုတ် ဆန္ဒမဲပေးရန် တိုက်တွန်းသွေးဆောင်ခြင်း၊ ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးရန်သော် လည်းကောင်း၊ ဆန္ဒမဲ မပေးရန်သော် လည်းကောင်း တိုက်တွန်းသွေးဆောင်ခြင်း၊ ဆန္ဒမဲပေးရန် လာရောက်သူများ စိတ်ငြိုငြင်စေရန် သို့မဟုတ် မဲရုံတွင် တာဝန်ကျသော မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ ၀တ္တရားဆောင်ရွက်ခြင်းကို အနှောင့်အယှက် ဖြစ်စေရန် မဲရုံအတွင်း၌ ဖြစ်စေ၊ မဲရုံမှ ကိုက် ၅၀၀ အတွင်း၌ဖြစ်စေ အသံချဲ့စက် အစရှိသော အသံကို ကျယ်အောင်ပြုလုပ်သည့် ကိရိယာ တန်ဆာပလာ သုံးစွဲခြင်း၊ အော်ဟစ်ခြင်း အစရှိသော စည်းကမ်းမဲ့သည့် အပြုအမူကို ပြုလုပ်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

ထို့ပြင် သတ်မှတ်အချိန်ထိ မဲဆွယ်စည်းရုံးသည့် ကြော်ငြာ/ပိုစတာများ ဖြုတ်သိမ်းထားခြင်း မရှိပါက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများသည် သက်ဆိုင်ရာ မြို့တော်စည်ပင်သာယာရေး ကော်မတီ သို့မဟုတ် မြို့နယ်စည်ပင်သာယာရေး ကော်မတီများနှင့် ညှိနှိုင်း၍ ကြော်ငြာ/ပိုစတာများအား ဖြုတ်သိမ်းသွားမည်ကြောင်းနှင့် ယင်းသို့ ကြော်ငြာ/ပိုစတာ ဖြုတ်သိမ်းခြင်းလုပ်ငန်း ဆောင်ရွက်ရသည့် ကုန်ကျစရိတ် ကျသင့်ငွေအား သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းမှ ပြန်လည်ပေးချေရန် တာဝန်ရှိမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment