Wednesday, November 4, 2015

ပြီးပြည့်စုံသည့် ရွေးကောက်ပွဲ ကျင်းပရန် အခက်အခဲများ ရှိသော်လည်း အစိုးရအနေဖြင့် သန့်ရှင်းလွတ်လပ်သည့် ရွေးကောက်ပွဲများ ငြိမ်းချမ်းစွာ ကျင်းပနိုင်ရန် လုပ်ဆောင်ထားဟု သမ္မတဦးသိန်းစိန် ပြောကြား


သမ္မတ ဦးသိန်းစိန်က “ကျွန်တော်တို့နိုင်ငံမှာ ဒီမိုကရေစီ တည်ဆောက်ရေးနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေ၊ နိုင်ငံတည်ဆောက်ရေးဆိုင်ရာ အင်စတီကျူးရှင်းတွေ အားကောင်းမောင်းသန် မဖြစ်သေးတာဟာ အရှိတရားပဲ ဖြစ်ပါတယ်။ ဒီလိုအခက်အခဲတွေ ရှိနေတဲ့အတွက် ရာနှုန်းပြည့် ပြီးပြည့်စုံတဲ့ ရွေးကောက် ပွဲဆိုတာတွေကို ကျင်းပဖို့ အခက်အခဲများ ရှိနေတာကိုလည်း ကျွန်တော့်အနေနဲ့ နားလည် လက်ခံထားပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ သန့်ရှင်းလွတ်လပ်တဲ့ ရွေးကောက်ပွဲများကို ငြိမ်းချမ်းစွာ ကျင်းပနိုင်ဖို့အတွက် ရာနှုန်းပြည့် ကြိုးစား လုပ်ဆောင်ထားကြောင်း အသိပေး ပြောကြား လိုပါတယ်”ဟု ပြောကြားသည်။
မိမိတို့အစိုးရ စတင် တာဝန်ယူချိန်မှစ၍ နိုင်ငံရေး အပြောင်းအလဲများမှတစ်ဆင့် ဒီမိုကရေစီ စနစ် ရှင်သန်သည့် လူ့အဖွဲ့အစည်းတစ်ရပ် တည်ဆောက်နိုင်ရေးအတွက် အဆင့်ဆင့်သော ဖြေလျှော့မှုများနှင့် လက်တွေ့ကျသည့် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များကို အထူးအာရုံစိုက် လုပ်ဆောင်ခဲ့ကြောင်း၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ အသက် ၀င်လာရေးအတွက် လက်ရှိနိုင်ငံရေး အခြေအနေများက ခွင့်ပြုသည့်အတိုင်း အဆင့်ဆင့် ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းလည်း ဖြစ်ကြောင်းနှင့် ထိုကဲ့သို့ ကြိုးပမ်းဆောင်ရွက် ခဲ့မှုများသည် မကြာမီကျင်းပမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲများကို အထောက် အကူပေးမည့် အခြေခံများအဖြစ် အခိုင်အမာ ရှိနေပြီဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က ပြောကြားသည်။

Credit To  >>> Eleven Media Group

0 comments:

Post a Comment