အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက
မည်သူ့ကို သမ္မတလောင်းတင်မည် ဆိုသည်ကို ထုတ်ဖော်မပြောခြင်းမှာ
စိုးရိမ်မှုများကြောင့် မဟုတ်ဘဲ မပြောချင်၍ မပြောခြင်းသာ ဖြစ်ကြောင်း
ဒေါ်အောင်ဆန်းစုကြည်က ယနေ့နံနက်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင်
ပြောကြားခဲ့သည်။
နိုင်ငံအကြီးအကဲဖြစ်သလို အစိုးရအဖွဲ့အကြီးအကဲလည်းဖြစ်သော နိုင်ငံတွင်
အရေးအကြီးဆုံးရာထူးဖြစ်သော သမ္မတရာထူးနေရာကို တင်မြှောက်မည့် သူအား ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မပြောချင်၍ မပြောခြင်း ဆိုသည်မှာ ၄င်းတဖွဖွပြောနေသော ဒီမိုကရေစီနှင့်ပွင့်လင်းမြင်သာမှုများကို
မေးခွန်းထုတ်စရာဖြစ်နေသလို ဒေါ်စုအနေဖြင့် ရွေးကောက်ပွဲတွင် NLD
ပါတီအောင်ပွဲခံနိုင်မည်ဟု အပြည့်အဝ မယုံကြည်၍လည်း ဖြစ်နိုင်ကြောင်း
နိုင်ငံရေးလေ့လာသူ ကိုသောင်းထွန်း ကဆိုသည်။
“သမ္မတလောင်း
တင်မယ့်သူ ဘယ်သူဆိုတာကို မပြောချင်လို့ မပြောတာဆိုတဲ့ စကားကြီးက
ကျွန်တော်တို့ မဲဆန္ဒရှင်အားလုံးကို စော်ကားလိုက်သလိုပဲ။ ဘယ်မှာလဲ
ဒေါ်စုပြောပြောနေတဲ့ ပွင့်လင်းမြင်သာမှု။ သူများတွေကို ပြောသလို ဦးကိုနီကို
သမ္မတတင်မယ်ဆိုတာ အမှန်လို့ ထင်လိုက်ရမှလား မေးလိုက်ချင်တယ်၊ တစ်ခုတော့
ရှိတာပေါ့လေ။ ဒေါ်စုအနေနဲ့ ရွေးကောက်ပွဲမှာ NLD နိုင်မယ်လို့ အပြည့်အဝ
ယုံကြည်ချက်မရှိတဲ့အတွက် အလကားနေရင်းစိတ်ဝမ်းကွဲကြမှာစိုးလို့လည်း ဖြစ်နိုင်ပါတယ်” ဟုဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့် ရွေးကောက်ပွဲတွင် အမတ်နေရာအများစုရခဲ့လျှင်ပင် ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံခြားသားကို လက်ထပ်ထားခြင်း၊ ၄င်း၏သားများမှာ အင်္ဂလန်နိုင်ငံသား ၊ အင်္ဂလိပ်လူမျိုးများဖြစ်နေခြင်းကြောင့်
သမ္မတဖြစ်ခွင့်မရှိသလို ၄င်း၏ပါတီတွင် သမ္မတရာထူးနှင့်ထိုက်တန်သူ
မရှိသောကြောင့် သမ္မတလောင်းရွေးချယ်ရေး ကိစ္စမှာ မဲဆန္ဒရှင်အများ
စိတ်ဝင်စားသော ကိစ္စဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က
မည်သူသမ္မတဖြစ်စေ၊ သူမသာ အုပ်ချုပ်မည်ဟု ပြောခဲ့သည့်အတွက် ရုပ်သေး သမ္မတ
တင်မြောက်ပြီး နောက်ကွယ်က အုပ်ချုပ်မည့်သဘောဖြစ်ကာ ထိုသို့ ရုပ်သေးသမ္မတ
တင်မြှောက်ရာတွင် ဘင်္ဂါလီကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတကာက ဒေါ်စုကို
ဝေဖန်မှုများအား အဆုံးသတ်နိုင်ရန် အစ္စလာမ် ဘာသာဝင် ဦးကိုနီအား သမ္မတအဖြစ်
တင်မြှောက်မည်ဟု သတင်းများပေါ်ထွက်နေချိန်တွင် ထိုသို့ မပြောချင်၍ မပြောချင်းဖြစ်သည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
0 comments:
Post a Comment