ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် တိုက်ပွဲများ၊
တပ်ချင်းထိတွေ့မှုများ ဆက်တိုက်ဖြစ်ပေါ်နေသော်လည်း သမ္မတ ဦးသိန်းစိန်
အစိုးရသည် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် (NCA) တွင်
တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ပါဝင်လက်မှတ်ရေးထိုးရေးကို
အဆောတလျင် တွန်းထိုး လုပ်ဆောင်လျက် ရှိသည်။
တိုင်းရင်းသား အဖွဲ့အချင်းချင်း ဝေဖန်မှုများ ပေါ်ပေါက်လာနေပြီး လက်မှတ်မထိုးဘဲ နေသည့်အဖွဲ့များက သီးခြား ညီလာခံ ကျင်းပသွားမည်ဟုလည်း သတင်းများ ထွက်ပေါ်လာရာ တိုင်းရင်းသား လက်နက်ကိုင်များ စုစည်းနေမှုကို အားပျော့စေမည့် အကွဲအပြဲဖြစ်သည်။
တဖက်က အပစ်ရပ်ရန် ပြောဆိုနေစဉ် အစိုးရတပ်မတော်က ကချင်နှင့် ရှမ်းပြည်နယ်တွင် တိုက်ပွဲများ ဖြစ်နေသည်။ အစိုးရက ကမ်းလှမ်းမှုများ အမျိုးမျိုး ပြုလုပ်နေစဉ် တပ်မတော်က သဘောထား တင်းမာနေဆဲ ဖြစ်နေသည်။ တိုင်းရင်းသား လက်နက်ကိုင်များက အားလုံးပါဝင်ရေးကို တောင်းဆိုနေစဉ် အစိုးရက အဖွဲ့တချို့ကို ဖယ်ထုတ်ထားမည်ဟု တင်းခံနေသည်။ ဤသို့ဖြင့် အပစ်ရပ်စာချုပ် လက်မှတ်ထိုးရေး သံသရာသည် ဦးသိန်းစိန် သမ္မတ သက်တမ်း ကုန်လုသည်အထိ ဂျာအေးသူ့အမေရိုက်ဖြစ်ကာ မယ်မယ်ရရ ပြနိုင်သော ရလဒ်မရှိဘဲ ဖြစ်နေသည်။
နိုင်ငံရေး ကိစ္စတခုမျှ မဆွေးနွေးဘဲ သဘာတူညီချက် ပြောဆိုနေခြင်းသည် မြင်းမရှိသေးဘဲ လှည်းကို အရင်ပြင်သည်နှင့် တူသည်ဟု မြန်မာ့အရေးကျွမ်းကျင်သူ ဘာတေးလ် လင့်တနာ ထောက်ပြသကဲ့သို့ပင် တိုင်းရင်းသားများ တောင်းဆိုသည့် နိုင်ငံရေးနှင့် ဖက်ဒရယ်ကိစ္စ ဦးစွာ ဆွေးနွေးရေးတို့ကို အစိုးရကာ လျစ်လျူရှုကာ အပစ်ရပ်လက်မှတ်ထိုးရေး လုပ်ဆောင်မှုကြောင့် အားလုံးပါဝင်နိုင်မှု မရှိသော အထမမြောက်သည့် NCA စာချုပ်ဟုသာ ကောက်ချက်ချရပေမည်။
တိုင်းရင်းသား လက်နက်ကိုင် ၂၁ ဖွဲ့အနက် NCA လက်မှတ်ထိုးရန် အစိုးရက ကမ်းလှမ်းထားသော ၁၅ ဖွဲ့ကို ကမ်းလှမ်းထားသော်လည်း ၇ ဖွဲ့ကသာ လက်မှတ်ထိုးမည်ဖြစ်ရာ စစ်မှန်သော အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးအတွက် အလှမ်းဝေးလွန်းသေးသည်။
သမ္မတ ဦးသိန်းစိန် လက်ထက်တွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၏ တောင်းဆိုချက်များကို လျစ်လျူရှု၍ အားလုံးမပါဝင်သည့် အထမမြောက်သော NCA စာချုပ် လက်မှတ်ရေးထိုးခဲ့ခြင်းသည် အလုပ်မဖြစ်သော ဟန်ပြငြိမ်းချမ်းရေးလုပ်ငန်းတခုကို ဆောင်ရွက်ခဲ့ခြင်းသာဖြစ်သည်ဟု ရာဇဝင်တွင် မှတ်တမ်းတင်ရပေလိမ့်မည်။
Credit To >>> Irrawaddy News
0 comments:
Post a Comment