Friday, July 25, 2014

ကျောက်ဖြူ-ကူမင်း ရထားလမ်းနှင့် ကားလမ်း စီမံကိန်း တရုတ် ဆက်လုပ်မည်ဟု ဆို

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ ကူမင်းမြို့အထိ သွယ်တန်းမည့် ရထားလမ်းနှင့် ကားလမ်း စီမံကိန်းကို တရုတ် အစိုးရ ဘက်မှ ပယ်ချခြင်း မဟုတ်ဘဲ မြန်မာ အစိုးရနှင့် ပြည်သူများက ထောက်ခံမည် ဆိုပါက ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

“ဒီကျောက်ဖြူ-ကူမင်း ရထားလမ်း စီမံကိန်းက အဲဒီဒေသတွေ သာမကဘဲ မြန်မာတပြည်လုံး ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် အရေးကြီး ပါတယ်။ ကျနော်တို့ လေ့လာချက်တွေ အရ စီမံကိန်းကို ဆန့်ကျင်တယ် ဆိုတာမျိုး မကြားမိဘူး။ ဒီစီမံကိန်းကို ဒေသခံများသော အားဖြင့် ထောက်ခံကြပါတယ်။ ပြည်သူတွေ အမှန်တကယ် မထောက်ခံဘူးလားဆိုတာ ကျနော်တို့လည်း အမှန်အတိုင်း သိချင် တယ်။ သတင်းစာတွေမှာ အစိုးရ အရာရှိတွေကသာ ဒီလို စကားမျိုးပြောတာ တွေ့ရတယ်။ ဒါပေမယ့် ကျနော်တို့က မြန်မာ အစိုးရ၊ ပြည်သူလူထုရဲ့ ဆုံးဖြတ်ချက်ကို လေးစားပါတယ်”ဟု တရုတ် သံအမတ်ကြီး မစ္စတာ Yang Houlan က ပြောသည်။

လက်ရှိအချိန်အထိ တရုတ် ကုမ္ပဏီနှင့် အစိုးရဘက်မှ စီမံကိန်းတလျှောက် ဒေသခံ ပြည်သူများနှင့် တွေဆုံခဲ့ရာတွင် အဆိုပါ ရထား လမ်းနှင့် ကားလမ်း စီမံကိန်းကို လုံးဝ ဆန့်ကျင်ကန့်ကွက်သော အသံများ မကြားမိသော်လည်း မြန်မာအစိုးရနှင့် အစိုးရ အရာရှိများ ဘက်က ဒေသခံများ ကန့်ကွက်နေသည့် အသံများကို ပြောကြားခဲ့ခြင်း ဖြစ်သည်ဟုလည်း ၎င်းက ပြောဆိုသည်။

ကျောက်ဖြူ-ကူမင်း ရထားလမ်း စီမံကိန်း တည်ဆောက်ရန် ၂၀၁၁ ခုနှစ်တွင် မြန်မာ အစိုးရနှင့် တရုတ်နိုင်ငံတို့ အကြား သဘောတူ ညီမှု စာချုပ် MoU လက်မှတ် ရေးထိုးထားခဲ့ပြီး စာချုပ်အရ ၃ နှစ် အတွင်း ရထားလမ်း ဖောက်လုပ်မှု တခုမျှ အကောင်အထည် မဖော်နိုင်ဘဲ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့သည်။

ဇူလိုင် ၁၈ ရက်က ယင်း စီမံကိန်း အကောင်အထည်ဖော်ရန် မရှိတော့ဟု ရထားပို့ဆောင်ရေး ၀န်ကြီးဌာနက ကြေညာခဲ့သည့် အပေါ် တရုတ် သံအမတ်ကြီးက ဇူလိုင် ၂၄ ရက်တွင် ရန်ကုန်မြို့ရှိ ၎င်း၏ နေအိမ်တွင် ယခုကဲ့သို့ မီဒီယာများအား ခေါ်ယူ ပြောဆိုခြင်း ဖြစ်သည်။

တရုတ်နှင့် မြန်မာ နှစ်နိုင်ငံအကြား ကောင်းမွန်သောဆက်ဆံရေးများ ဆက်လက် တည်ရှိနေသော်လည်း စိန်ခေါ်မှုတချို့ ရှိနေသည် က အမြင်လွဲမှု ရှိနေကြောင်း၊ အထက်ပါ အကြောင်းများကြောင့် တရုတ်နှင့် မြန်မာတို့အကြား ဆက်ဆံရေး ပြောင်းလဲသွားမည် မဟုတ်ကြောင်းလည်း တရုတ်သံ အမတ်ကြီးက ဆက်ပြောသည်။

တရုတ်နိုင်ငံက ကျောက်ဖြူ-ကူမင်း ရထားလမ်း စီမံကိန်း အတွက် လိုအပ်သော နည်းပညာများနှင့် ရင်းနှီးမြှုပ်နှံမှုများ အဆင်သင့်ရှိကြောင်း၊ ယင်းရထားလမ်းသည် ကမ္ဘာပေါ်တွင် တခုတည်းသော အမြင့်ဆုံး နေရာများတွင် တည်ဆောက်မည့် ရထားလမ်း စီမံ ကိန်း ဖြစ်ကြောင်း သံအမတ်ကြီးက ဆိုသည်။

ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ အမည်မဖော်လိုသူ အရာရှိတဦးက အဆိုပါ စီမံကိန်းကို အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ ဖြင့် အကောင်အထည်ဖော်မှုသည် စီမံကိန်း အတွက် လောက်ငမှု မရှိသည့်အပြင် ပတ်ဝန်းကျင်ဆိုင်ရာ ပျက်စီးမှုများ ရှိနေခြင်း၊ ဒေသခံ ပြည်သူများ ကန့်ကွက်နေခြင်းကြောင့် စီမံကိန်းကို ဆက်လက် အကောင်အထည် မဖော်တော့ခြင်း ဖြစ်ကြောင်း ဧရာဝတီကို ဇူလိုင် ၂၁ ရက်က ပြောဆိုထားသည်။

“နှစ်ဘက်လုံးက လက်မှတ်ထိုးခဲ့တာပဲ ရှိတယ်။ အခုချိန်မှာ လုပ်ငန်းစတင်ဖို့ အတွက် သဘောတူညီမှု ဘာတခုမှ မရယူခဲ့ပါဘူး။ အခုတော့ ဒါ့ကြောင့် ကျနော်တို့ ပြောနိုင်တာက ဒီစီမံကိန်းက လုံးဝ မလုပ်တော့ဘူး ဆိုတာပါပဲ”ဟု ၎င်းက ဆိုသည်။

ယင်းရထားလမ်း စီမံကိန်းကို တာဝန်မှ အနားယူခဲ့သော ဒု သမ္မတဟောင်း သီဟသူရ တင်အောင်မြင့်ဦးနှင့် ရထားပို့ဆောင်ရေး ၀န်ကြီးဟောင်း ဦးအောင်မင်းတို့က ဦးဆောင်ပြီး China Railway Engineering Corporation (CREC) တို့ နှင့် ၂၀၁၁ ခုနှစ် ဧပြီလတွင် နားလည်မှု စာချွန်လွှာ(MoU)ဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

စီမံကိန်းအတွက် အမေရိကန် ဒေါ်လာ ၂၀ ဘီလီယံ အသုံးပြုထားပြီး တရုတ်နိုင်ငံဘက်က အများဆုံး အကုန်ကျခံ တည်ဆောက် ထည့်ဝင်ထားသည့် နှစ် ၂၀ ကြာ BOT စနစ် စီမံကိန်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းအပေါ် လူမှုအဖွဲ့အစည်းများ၊ တက်ကြွလှုပ်ရှားသူများက ပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးများ၊ လူမှုဘ၀ ပျက်ယွင်း စေနိုင်မှုများကို ဝေဖန် ထောက်ပြကြပြီး ကန့်ကွက် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ အတွင်းရှိ ကဏ္ဍမျိုးစုံတွင် အများအပြား ရင်းနှီးမြှုပ်နှံလျက်ရှိသည်။

ယခုနှစ်အတွင်း မြန်မာအစိုးရ သတင်း ထုတ်ပြန်ချက်များအရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများတွင် တရုတ်နိုင်ငံက ထိပ်ဆုံးမှ ဦးဆောင် လျက်ရှိပြီး အမေရိကန် ဒေါ်လာ ၄၀ ဘီလီယံကျော် ရှိကြောင်း သိရသည်။

The Irrawaddy's Blog

0 comments:

Post a Comment