Thursday, July 24, 2014

အွန်လိုင်းရှော့ပင်း စနစ်အတွက် စာတိုက်လုပ်ငန်း လိုအပ်ဟု ဂျပန်ဆက်သွယ်ရေး ဒုဝန်ကြီးဆို


မြန်မာနိုင်ငံတွင် အကောင်အထည် ဖော်နေသည့် အွန်လိုင်းရှော့ပင်း (အင်တာနက်မှတစ်ဆင့် ဈေးဝယ်သည့်စနစ်) အတွက် စာတိုက်လုပ်ငန်း မရှိမဖြစ် လိုအပ်ကြောင်း ဂျပန်နိုင်ငံ ပြည်ထဲရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr.Fujikawa Masahito က ပြောကြားသည်။

ဆက်သွယ်ရေးစနစ်များ တိုးတက်လာပါက အင်တာနက်ကို သုံး၍ အလှမ်းဝေးကွာသော ဒေသများနှင့် ဆက်သွယ်လာနိုင်သည့်အတွက် စာတိုက်စနစ် မလိုအပ်တော့ဟု ထင်မြင်လေ့ရှိကြောင်း၊ သို့သော် အင်တာနက်မှ ပစ္စည်းများကို မှာယူသော အွန်လိုင်းရှော့ပင်းစနစ် အတွက်မူ ပစ္စည်းပို့ရာတွင် စာတိုက်လုပ်ငန်းကို အသုံးပြုရမည်သာ ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“အင်တာနက်က မှာလို့ရတယ်။ ပစ္စည်းပို့ရင် ဘယ်ကပို့မလဲ။ စာတိုက်ကပဲ ပို့ရမယ်” ဟု ၎င်းကဆိုသည်။

အွန်ုလိုင်းမှပစ္စည်း ရောင်းချသည့်စနစ် ပြည်တွင်းတွင် လုပ်ကိုင်ရာတွင် ပစ္စည်းပို့ဆောင်ချိန်၌ ယာဉ်ကြောပိတ်ဆို့ခြင်း၊ ရန်ကုန်မြို့တော်တွင် မော်တော်ဆိုင်ကယ်နှင့် ပစ္စည်းပို့ဆောင်ခွင့် မရခြင်းတို့ကြောင့် အခက်အခဲ ဖြစ်နေကြောင်း၊ မြန်မာ့စာတိုက်လုပ်ငန်းနှင့် ပူးပေါင်း လုပ်ကိုင်ခွင့်ရခဲ့လျှင် အဆင်ပြေနိုင်ကြောင်း ပြည်တွင်းအွန်လိုင်းစတိုး လုပ်ငန်းရှင်များက ပြောကြားသည်။

ပြည်တွင်းစာပို့လုပ်ငန်းကို အဆင့်မြှင့်ရာတွင် အကူအညီပေးရန် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းသန်းနှင့် ဂျပန်နိုင်ငံ ပြည်ထဲရေးနှင့် ဆက်သွယ်ရေးဝန်ကြီး Mr. Yoshitaka Shindo တို့ ဧပြီလအတွင်းက သဘောတူလက်မှတ် ရေးထိုးခဲ့ပြီး မေလမှ စတင်၍ အဆင့်မြှင့်တင်ရန် လုပ်ဆောင်ခဲ့ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနထံမှ စုံစမ်းသိရှိရသည်။

စာတိုက်လုပ်ငန်း အဆင့်မြှင့်တင်မှုကို လတ်တလောတွင် ရန်ကုန်မြို့တော်၊ မန္တလေးမြို့တော်နှင့် နေပြည်တော်တို့တွင် ပြုလုပ်ရန် စီစဉ်ထားကြောင်း ဂျပန်နိုင်ငံ ပြည်ထဲရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက ကြေညာထားသည်။

ဂျပန်စာတိုက် လုပ်ငန်းသည် စာတိုက် ၂၄,၀၀၀ နှင့် လုပ်ငန်း လည်ပတ်လျက် ရှိပြီး နိုင်ငံတကာ ပူးပေါင်းလုပ်ကိုင်မှု အဖြစ် မြန်မာနိုင်ငံနှင့် ပထမဆုံး လုပ်ကိုင်ခြင်း ဖြစ်သည်။

The voice Weekly

0 comments:

Post a Comment