နိုင်ငံရေး၊
စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သည့် မြန်မာနိုင်ငံတွင်
ဘဏ်လုပ်ငန်း ကဏ္ဍကိုလည်း တဖြည်းဖြည်းချင်း ပြန်မြှင့်တင်လာခဲ့ရာ
လာမည့်နှစ်တွင် မြန်မာနိုင်ငံ၌ နိုင်ငံခြားဘဏ် အချို့ကို အကန့်အသတ်ဖြင့်
ငွေကြေးဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်ခွင့် ပေးတော့မည် ဖြစ်ကြောင်း
ဗဟိုဘဏ် အကြီးတန်း အရာရှိ တစ်ဦးကို ကိုးကား၍ ရိုက်တာ သတင်းဌာနက
ဖော်ပြလိုက်သည်။
ယခုအချိန်တွင်
နိုင်ငံပေါင်း ၃၄ နိုင်ငံ မှ နိုင်ငံတကာ ဘဏ်များသည် မြန်မာနိုင်ငံတွင်
ကိုယ်စားလှယ် ရုံးခန်းများ ဖွင့်လှစ်ထားရှိပြီး ဖြစ်သော်လည်း
ငွေကြေးဆိုင်ရာ အကြံပေးခြင်းမှလွဲ၍ ဘဏ်ခွဲများ ဖွင့်လှစ်ခြင်းနှင့်
ဘဏ်လုပ်ငန်းများ လုပ်ကိုင်ခြင်းကိုမူ တားမြစ်ခံထားရသည်။
ယခင်ဆယ်စုနှစ်များတုန်း က ဟောင်းနွမ်းနေသည့် အစီအစဉ်အရ အစိုးရသည်
နိုင်ငံခြားဘဏ်များကို နိုင်ငံတွင်း တဖြည်းဖြည်း ချင်းသာ
ခွင့်ပြုသွားမည်ဖြစ်ပြီး သီးသန့်ဘဏ်ခွဲ ဖွင့်လှစ်ခွင့် မရမီတွင်
နိုင်ငံတွင်းရှိ ဘဏ်များနှင့် ချိတ်ဆက်လုပ်ဆောင် ရမည်ဖြစ်သည်။''အချိန်တွေ ကုန်လာတာနဲ့အမျှ တချို့အရာတွေ မြန်မြန်ဆန်ဆန်ပဲ ပြောင်းလဲနေတယ်။ ကျွန်တော်တို့ တကယ်ကို အဓိပ္ပာယ်ရှိတဲ့ ပြောင်းလဲမှုမျိုးကို လုပ်မယ်ဆိုရင် အရင်အနှစ် ၂၀ လောက်က စီမံကိန်းမျိုးကို ဖက်တွယ်နေလို့တော့ မဖြစ်ပါဘူး'' ဟု ၎င်းက ပြောကြားခဲ့ပြီး မီဒီယာများကို ယခုလို ပြောကြားခွင့် မရှိသောကြောင့် ၎င်း၏အမည်ကို လျို့ဝှက်ထားပေးရန် တောင်းဆိုခဲ့သည်။
အဆိုပါ အရာရှိက ဆက်လက် ပြောကြားရာတွင် နိုင်ငံတကာဘဏ် ကိုယ်စားလှယ်ရုံးခွဲများ ရှိသည့်အနက် အာဏာပိုင်များ အနေဖြင့် မည်သည့် ဘဏ်များကို ရွေးချယ်လုပ်ကိုင်ခွင့် ပြုမည်ဆိုသည့် အချက်ကို မဆုံးဖြတ် ရသေးကြောင်း ပြောကြားသည်။
နိုင်ငံခြားဘဏ်များ ၀င်ရောက်လာမှုသည် အာရှနိုင်ငံများအနက် အာဖဂန်နစ္စတန် နိုင်ငံအပြီး အဆင်းရဲဆုံး ဖြစ်သည့် မြန်မာနိုင်ငံ၏ ခေတ်မမီတော့သည့် ဘဏ်လုပ်ငန်း စနစ်ကို ပြုပြင်ပြောင်းလဲ လာနိုင်မည် ဖြစ်သည်။ ထို့ပြင် နိုင်ငံခြား ဘဏ်များသည် နိုင်ငံတကာနှင့် ချိတ်ဆက်ကာ လိုအပ်သည့် ငွေကြေး ၀န်ဆောင်မှုများကို ပြုလုပ်ပေးနိုင်မည် ဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှုကိုလည်း များစွာအရှိန်အဟုန် မြင့်တက်လာနိုင်စေကြောင်း ကမ္ဘာ့ဘဏ်မှ မြန်မာနိုင်ငံဆိုင်ရာ စီးပွားရေး ပညာရှင် Khwima Nthara က ပြောကြားသည်။
''ငွေကြေးဆိုင်ရာ လုပ်ငန်းတွေမှာ နိုင်ငံခြားဘဏ်တွေရဲ့ အခန်းကဏ္ဍကို အစိုးရအနေနဲ့ အသိအမှတ်ပြုမယ် ဆိုတာကို ကျွန်တော် သံသယမရှိပါဘူး'' ဟု ၎င်းက ဆိုသည်။
Nthara က ဆက်လက် ပြောကြားရာတွင် အာဏာပိုင်များ အနေဖြင့် ဘဏ်လုပ်ငန်း ကဏ္ဍကို တဖြည်းဖြည်းချင်းသာ ဖွင့်လှစ်နေခြင်းမှာ မှန်ကန်ကြောင်း ပြောဆိုခဲ့သည်။ နိုင်ငံခြား ဘဏ်များကို တင်းကျပ်စွာ ကန့်သတ်ထားခြင်းဖြင့် အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သည့် ငွေကြေးဆိုင်ရာ အခက်အခဲများကို ကာကွယ်နိုင်မည်ဖြစ်ပြီး ပြည်တွင်းဘဏ်လုပ်ငန်း ကဏ္ဍကိုလည်း ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အရေး ရစေမည် ဖြစ်သည်ဟု ၎င်းကဆိုသည်။
မြန်မာနိုင်ငံမှ အကြီးဆုံး ပုဂ္ဂလိကဘဏ် ဖြစ်သော ကမ္ဘောဇဘဏ်၏ လက်ထောက် မန်နေဂျာ ဦးဇော်လင်းထွဋ်ကမူ ၎င်းအနေဖြင့် နိုင်ငံခြား ဘဏ်များအား ရှေ့နှစ်တွင်ဖွင့် လှစ်ခွင့်ပေးမည့် အစီအစဉ်ကို မကြားသိမိ သေးသော်လည်း အဆိုပါ အစီအစဉ်ကို ကြိုဆိုပါကြောင်း ဆိုသည်။
''နိုင်ငံခြားသား ဖောက်သည်တွေ အနေနဲ့ မြန်မာနိုင်ငံမှာ မြှုပ်နှံဖို့အတွက် မနည်းလှတဲ့ ပမာဏငွေကြေးတွေ လိုအပ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့လို ဒေသတွင်းဘဏ်တွေ အနေနဲ့က ဒီလိုကြီးမားတဲ့ ဖောက်သည်တွေ အများကြီးကို မပံ့ပိုးနိုင်ပါဘူး'' ဟု ၎င်းကဆိုသည်။
၎င်းကဖြည့်စွက် ပြောဆိုရာတွင် ဒေသတွင်း ဘဏ်များသည်လည်း နိုင်ငံတကာ ဘဏ်များဆီမှ ထိုကဲ့သို့ ကြီးမားသော ပူးပေါင်းမြှုပ်နှံမှုများနှင့် ပတ်သက်၍ လေ့လာသင်ယူ နိုင်မည်ဖြစ်ကြောင်း ဆိုသည်။
''ဒီလိုဖောက်သည်တွေ အနေနဲ့က ပြည်တွင်း ဘဏ်တွေကိုလည်း လိုအပ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ အနာဂတ်မှာ အတူတူ ပူးပေါင်းလုပ်ဆောင် သွားနိုင်လိမ့်မယ်ဆိုတာ သေချာပါတယ်'' ဟု ဦးဇော်လင်းထွဋ်က ပြောကြားသည်။
မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းသည် စစ်အုပ်ချုပ်ရေး၏ စီမံခန့်ခွဲမှု အမှားများအောက်တွင် များစွာနိမ့်ဆင်း သွားခဲ့ရပြီး အနောက်နိုင်ငံများ၏ ပိတ်ဆို့မှု များကြောင့်လည်း ကမ္ဘာ့ငွေကြေး စီးဆင်းမှုနှင့် စီးပွားရေး စနစ်များနှင့် ဝေးကွာခဲ့ရသည်။ ယခုအခါ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကြောင့် ဥရောပသမဂ္ဂ၊ သြစတြေးလျနှင့် အခြားနိုင်ငံများက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများကို ရုပ်သိမ်းပေး ခဲ့ပြီး ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုကလည်း ပိတ်ဆို့မှုများကို ရုပ်သိမ်းပေးခဲ့ပြီး အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာနက မြန်မာနိုင်ငံရှိ ဘဏ်အချို့အား အထွေထွေလိုင်စင် ချထားပေးခဲ့သည်။ အထွေထွေ လိုင်စင်အရ ကန့်သတ်မှုများကို ရုပ်သိမ်းပေးခဲ့ပြီး အဆိုပါ လိုင်စင်ရ မြန်မာနိုင်ငံရှိ ဘဏ်များအား အမေရိကန် နိုင်ငံသားများ၊ ကုမ္ပဏီများနှင့် ချိတ်ဆက် အလုပ်လုပ်ကိုင်ခွင့် ရစေသည်။
ယခုအခါ ငွေကြေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်၍ ကမ္ဘာ့ဘဏ်က အစိုးရအား အကြံဉာဏ်များ ပေးနေပြီး မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်မှ စီးပွားရေး ပညာရှင် Khwima Nthara ၏ ရိုက်တာ သို့ ပြောကြားချက်အရ ဘဏ်များဆိုင်ရာ ဥပဒေကြမ်း အသစ်သည် ယခုလကုန်တွင် ပြီးစီး မည် ဖြစ်ကြောင်း သိရသည်။
Eleven Media Group
0 comments:
Post a Comment