မန္တလေးတိုင်းဒေသကြီး မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် Asia Development Bank (ADB) ၏ ဖွံ့ဖြိုး တိုးတက်ရေး မဟာဗျူဟာနှင့် အကဲဖြတ် လေ့လာမှုများအရ မန္တလေးစိမ်းလန်း မြို့တော် စီမံကိန်းအတွက် မြို့ဧရိယာကို ပုသိမ်ကြီး မြို့နယ်ဘက်သို့ တိုးချဲ့ခြင်းသည် အသင့်လျော်ဆုံး ဖြစ်ကြောင်း ADB အဖွဲ့ခေါင်းဆောင် အလစ်စတဲလားဘလန့်တ်က ပြောကြားသည်။
ပုသိမ်ကြီးမြို့နယ်သည် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၏ မြို့ပြ ဖွံ့ဖြိုး တိုးတက်ရေးနှစ် ၃၀ စီမံကိန်း၏ ၂၀၁၁-၂၀၁၅ ပထမငါးနှစ် ကာလတွင် မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ထည့်သွင်းရန် ပါဝင်ကြောင်း ယင်းစီမံကိန်းများအရ သိရသည်။
“လာမယ့် ၂၀၄၀ ပြည့်နှစ်မှာ တိုးလာနိုင်တဲ့ လူဦးရေ အတွက် မျှော်မှန်းပြီးတော့ မြို့တွင်း၊ မြို့ပြင်မှာ ဘယ်လို လုပ်ရမလဲဆိုတာ စဉ်းစားတဲ့အခါမှာ မြို့ထဲမှာ အသုံးမပြုရသေးတဲ့ မြေတွေ (ဥပမာ-လေဆိပ်၊ တပ်မြေ) ကို စနစ်တကျ သုံးမယ်ဆိုရင် မြို့ထဲမှာ လူတွေ ထပ်ထားလို့ရမယ်။ မြို့ချဲ့ထွင်မှု လုပ်တဲ့အခါ မြို့ဧရိယာရဲ့ ၄၀ ရာခိုင်နှုန်းကို စိုက်ပျိုးမြေအဖြစ် ထားမယ်ဆိုတော့ လူဦးရေ ကျပ်တည်းမှုလည်း မရှိသေး၊ စိုက်ပျိုးမြေတွေလည်း အများကြီး ရှိနေသေးတဲ့ ပုသိမ်ကြီးက အသင့်တော်ဆုံးပဲ။ ဒါပေမဲ့ စိုက်ပျိုးဧရိယာတွေ ပါနေတဲ့အတွက် စိုက်ပျိုးရေးဌာနရဲ့ ခွင့်ပြုချက်ကိုတော့ တောင်းခံရလိမ့်မယ်” ဟု ၎င်းကဆိုသည်။
မန္တလေးမြို့တော်တွင် လက်ရှိပျမ်းမျှ အိမ်ထောင်စုပေါင်း နှစ်သိန်းငါးသောင်း ရှိပြီး တစ်နှစ်လျှင် ပျမ်းမျှ ၂ ဒသမ ၅ ရာခိုင်နှုန်း မှ ၂ ဒသမ ၉ ရာခိုင်နှုန်းအထိ တိုးလာပါက တစ်နှစ်လျှင် အိမ်ထောင် စုပေါင်း ခြောက်ထောင်မှ ခုနစ်ထောင်အထိ တိုးတက်လာမည် ဖြစ်သည့်အတွက် ယင်းအိမ်ထောင်စုများ အတွက် နေအိမ်အဆောက်အအုံများ ဖန်တီးပေးရန် နေရာများလိုအပ်လာမည် ဖြစ်ကြောင်း ၎င်းကရှင်းပြ သည်။
လက်ရှိ မန္တလေးမြို့ ဧရိယာသည် တောင်ဘက်သို့ ရွေ့နေပြီး ဖွံ့ဖြိုး တိုးတက်မှုသည် လည်း တောင်ဘက် တွင်သာ ရှိသောကြောင့် ပုသိမ်ကြီး မြို့နယ်ဘက်သို့ မြို့ဧရိယာ ချဲ့ထွင်ခြင်းသည် လူဦးရေ သိပ်သည်းမှုလည်း မရှိသေးခြင်းကြောင့် ကောင်းမွန်ကြောင်း မန္တလေးမြို့တော်ရှိ ဗိသုကာ ပညာရှင် ဦးဇင်မင်းဆွေက ၎င်း၏အမြင်ကို သုံးသပ် ပြောကြားသည်။
The Voice Weekly
0 comments:
Post a Comment