လျှပ်စစ်နှင့် ဆက်သွယ်ရေးကဏ္ဍတို့အတွက်သုံးစွဲရန် ကိုရီးယားနိုင်ငံ မှ ချေးပေးမည့် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၅၀ကျော် ကို ချေးယူရန် ပြည်ထောင်စုလွှတ်တော်တွင် နိုဝင်ဘာ ၁၅ရက်က ကန့်ကွက်သူ မရှိ အတည်ပြုလိုက်ပြီဖြစ်သည်။
ယင်းချေးငွေများမှာ အမှန်တစ်ကယ်လိုအပ်နေသည့် ကဏ္ဍများတွင် သုံးစွဲမည်ဖြစ်သည့်အတွက် သဘော တူ သင့်သည်ဟု လွှတ်တော်၏ ဥပဒေကြမ်းပူးပေါင်းကော်မတီ ဒု-ဥက္ကဋ္ဌ ဦးဇော်မြင့်ဖေက လွှတ်တော်တွင် ရှင်းပြသွားသည်။သို့သော် ဝန်ကြီးဌာနများအနေဖြင့် ပြည်တွင်း၊ ပြည်ပမှ ချေးယူမည့်ငွေများနှင့်ပတ်သက်ပြီး လွှတ်တော်သို့ တင်ပြသည့်အခါ သုံးစွဲမည့် လုပ်ငန်းကို အသေးစိတ် တင်ပြကြရန်လည်း ၎င်းက အစိုးရကို တိုက်တွန်း သွားသေးသည်။
ကိုးရီးယားမှချေးပေးမည့် ချေးငွေများကို လွှတ်တော်က သဘောတူပေးရန် နိုဝင်ဘာ ၁၅ရက် က ပြည်ထောင် စု လွှတ်တော်သို့ သမ္မတက သဝဏ် လွှာပေးပို့ထားခြင်းဖြစ်သည်။
ထိုငွေများကို လျှပ်စစ်ဝန်ကြီးဌာနမှ ကန်ဒေါ်လာသန်း ၁၀၀၊ ဆက် သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက ကန်ဒေါ် လာသန်း ၅၅ ဒသမ ၈၇၄တို့ ချေးယူမည်ဖြစ်သည်။ ယင်းသို့ချေးယူငွေ များ ကို အများဆုံးနှစ်ပေါင်း ၄၀အတွင်း ပြန်ဆပ်ရမည်ဖြစ်ပြီး အတိုးနှုန်းမှာ ငွေ တစ် ရာ ကျပ်လျှင် ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြစ်သည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ချေးယူမည့် ငွေကို ၅၀၀ ကေဘီ (၁၁၇ မိုင်) ဓာတ်အားလိုင်း စီမံကိန်းတစ်ခု တည်ဆောက်မည် ဖြစ်သည် ဟု ပြည်ထောင်စု လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုးက လွှတ်တော်တွင် ရှင်းပြထားသလို ဆက်သွယ်ရေးမှ ချေးယူမည့်ငွေကို ကုန်းတွင်းဖိုက်ဘာဆက်ကြောင်း လေးခု ချိတ်ဆက် သွားမည်ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနမှ ဒု-၀န်ကြီး ဦးသောင်းတင်ကလည်း ရှင်းပြထားသည်။
Mizzima - News in Burmese
0 comments:
Post a Comment