Friday, October 4, 2013

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး ဥပဒေမူကြမ်း စတင်ရေးဆွဲ


အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး ဥပဒေမူကြမ်းကို စတင်ရေးဆွဲ လျက် ရှိကြောင်း အောက်တိုဘာ ၃ ရက်တွင် ပြုလုပ်သည့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာ စီမံကိန်း ၂၀၁၃-၂၀၂၂ မိတ်ဆက် ရှင်းလင်းခြင်း အခမ်းအနားတွင် သိရသည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး ဥပဒေမူကြမ်းကို ရေးဆွဲပြင်ဆင်ခြင်း အားဖြင့် အကျိုးသက်ရောက်မှု လေးခုကို ရရှိစေမှာဖြစ်ပြီး အကျိုးသက်ရောက် မှုများမှာ အမျိုးသမီးများ၏ ဘ၀ပိုမို လုံခြုံမှုရှိစေဖို့ အကာအကွယ် ပေးနိုင်ခြင်း၊ ရှိပြီးသား တည်ဆဲဥပဒေများ၏ လစ်ဟာချက် ကွက်လပ်များကို ဖြည့်ဆည်းပေးနိုင်ခြင်း၊ ကျားမရေးရာ တန်းတူညီမျရေးနှင့် ပတ်သက်ပြီး အခြားသက်ဆိုင်သော ဥပဒေရေးရာ ပြောင်းလဲပြင်ဆင်ရေးများကို ရှေးရှုလုပ်ဆောင် နိုင်စေဖို့ လှေကားထစ် တစ်ခုသဖွယ် ဖြစ်စေခြင်း၊ ပိုမိုကျယ်ပြန့် အားကောင်းသော တန်းတူညီမျှရေးကို မြှင့်တင်အားပေး လုပ်ဆောင်သွားနိုင်ရန် အခြေခံကျသော ခြေလှမ်းတစ်ခု အဖြစ်လည်း ဆောင်ရွက်နိုင်ခြင်းများ ဖြစ်ကြောင်း သိရသည်။

ကျား၊ မ ရေးရာ တန်းတူညီမျှရေး ကွန်ရက်မှ အကြီးတန်း ညှိနှိုင်းရေးမှူး ဒေါ်မေစပယ်ဖြူက ''ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ အရ အမျိုးသမီးတွေ တန်းတူညီမျှရေးကို အာမခံချက် ပေးထားတယ် ဆိုပေမယ့် အခြေခံ ဥပဒေတွေထဲမှာ ကျွန်မတို့ နိုင်ငံက သဘောတူလက်မှတ် ရေးထိုးထားတဲ့ စီဒေါ သဘောတူစာချုပ်ပါ ပြဋ္ဌာန်းချက်တွေဖြစ်တဲ့ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံမှု သဘောဆောင်တဲ့ သတ်မှတ်ချက်တွေကို ကန့်သတ်တားမြစ်ဖို့နဲ့ ခွဲခြားဆက်ဆံခြင်းရဲ့ အနက်အဓိပ္ပာယ်ကို တိတိကျကျ ပြဋ္ဌာန်းသတ်မှတ်ရန် စတာတွေကို ပြည့်မီအောင် လုပ်ဆောင်သွားဖို့ လိုအပ်ပါမယ်။ အခုလက်ရှိ ဆွေးနွေးနေကြတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲတဲ့ အခါမှာလည်း အမျိုးသမီးတွေကို အမျိုးသားများနဲ့တန်းတူ ရွေးချယ်ပိုင်ခွင့် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မယ့် အချက်အလက်တွေကို ပါဝင်ထည့်သွင်း ရေးဆွဲလိုပါတယ်'' ဟု ပြောကြားသည်။

''ကျွန်မတို့ နိုင်ငံမှာ အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းကို ဦးစားပေး ဆောင်ရွက်ရမယ့် လုပ်ငန်းတွေ ထဲမှာ တစ်ခုအဖြစ် ရည်မှန်းချက်ထား ဆောင်ရွက်နေပြီ ဖြစ်ပါ တယ်။ တစ်ချိန်တည်းမှာပဲ သက်ဆိုင်ရာ နိုင်ငံတော် အစိုးရ ၀န်ကြီးဌာန၊ ဦးစီးဌာနများနဲ့အတူ အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ လှုပ်ရှားဆောင်ရွက်သူများ အတူတကွ လက်တွဲပူးပေါင်းပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး ဥပဒေမူကြမ်းကို စတင်ရေးဆွဲနေပါပြီ'' ဟု ဒေါ်မေစပယ်ဖြူက ပြောကြားသည်။

Eleven Media Group

အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနား ကျင်းပနေစဉ်

0 comments:

Post a Comment