Thursday, September 19, 2013

Mobile Team များဖြင့် ကိုးလအတွင်း ကျပ်ငွေ ၆ ဒသမ ၃ ဘီလီယံတန်ဖိုးရှိ တရားမ၀င် ကုန်စည်များ ဖမ်းဆီရမိဟု ထုတ်ပြန်


Mobile Team များဖြင့် တရားမ၀င် ကုန်သွယ်မှုများ ဖမ်းဆီးခဲ့သည့် ကိုးလအတွင်း အကောက်ခွန် အမှုတွဲပေါင်း ၁၈၀၅ မှုနှင့် ကျပ်ငွေ ၆ ဒသမ ၃ ဘီလီယံ တန်ဖိုးရှိ တရားမ၀င် ကုန်စည်များ ဖမ်းဆီးရ မိခဲ့ကြောင်း တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌဦးဝင်းမြင့်က ပြောကြား ခဲ့သည်။

တရားမ၀င် ကုန်စည်များ ၀င်ရောက်နေ မှုနှင့် တရားမ၀င် ခိုးထုတ်နေမှုများကို Mobile Team များဖွဲ့ စည်းပြီး ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ဆန်းပိုင်းအထိ ကိုးလတာ ကာလ အတွင်း အကောက်ခွန် အမှုတွဲပေါင်း ၁၈၀၅ မှု၊ ဖမ်ဆီးရမိတန်ဖိုး ကျပ်ငွေ ၆ ဒသမ ၃ ဘီလီယံခန့် တန်ဖိုးရှိ တရားမ၀င် ကုန်ပစ္စည်းများကို နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ခဲ့ကြောင်း ထုတ်ပြန် ခဲ့သည်။

တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ၏ ကွပ်ကဲမှုဖြင့် Mobile Team များ ဖွဲ့စည်းကာ မူဆယ်-မန္တလေး လမ်းကြောင်း၊ မြ၀တီ-ရန်ကုန် လမ်းကြောင်းများတွင် ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

''တိုင်းဒေသကြီး ပြည်နယ်အစီအစဉ်နဲ့ လုပ်ငန်းဆောင်ရွက်လျက် ရှိပေမယ့် ဗဟိုကော်မတီ အနေနဲ့ လိုအပ်တဲ့ စိစစ်ကြပ်မတ်မှုများနဲ့ သတင်းရရှိမှုအပေါ် မူတည်ကာ တားဆီးစစ်ဆေး ဆောင်ရွက်မှုများ ပြုလုပ်လျက် ရှိပါတယ်။ ဗဟိုကော်မတီရဲ့ တိုက်ရိုက်ကွပ်ကဲမှုနဲ့ နယ်စပ် ကုန်သွယ်ရေး စခန်းများ အနီးတစ်ဝိုက်မှာ စခန်းထုတ်နှုန်း အင်အားများနဲ့ တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက် လျက်ရှိပါတယ်'' ဟု ဦးဝင်းမြင့်က ဆိုသည်။

သို့သော် မြ၀တီ-ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်းတွင် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် များအတွင်း လုပ်ငန်းများ ၀င်ရောက်ဆောင်ရွက်ရန် လုံခြုံရေး ကန့်သတ်ချက်များ ရှိနေဆဲဖြစ်ပြီး ပဲခူးတိုင်း ဒေသကြီး အတွင်းမှာသာ ဆောင်ရွက်နိုင်သေးကြောင်း ဆက်လက်ပြောကြားခဲ့သည်။

တရားမ၀င် ကုန်ပစ္စည်း တင်သွင်းမှုများ တွင်စက်သုံးဆီ၊ တယ်လီဖုန်း ဟန်းဆက်များ၊ အရက်၊ ဘီယာ၊ စီးကရက်များ အများအပြား ပါဝင်ကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံများဖြင့် ကုန်သွယ်မှုတွင် အမေရိကန်ဒေါ်လာ ဘီလီယံများစွာ တရားမ၀င် ကုန်သွယ်မှုများ ပြုလုပ်လျက်ရှိကြောင်း ဦးဝင်းမြင့်က ဆက်လက် ပြောကြားခဲ့သည်။

(တရားမ၀င် ကုန်သွယ်မှု အများအပြား ရှိနေသည့် မြ၀တီ-ရန်ကုန် ကုန်သွယ်ရေး လမ်းကြောင်းကို တွေ့ရစဉ်)

Eleven Media Group

0 comments:

Post a Comment