မင်းဓမ္မပန်းကွင်းတွင် ခိုက်ရန်ဖြစ်ပွားသည့်နေ့က ပန်းကွင်းအနီး
ရပ်နေသော စည်ပင်ဝန်ထမ်းများနှင့် ပန်းကွင်းအတွင်း နေထိုင်သူများကို
တွေ့ရစဉ်
သြဂုတ် ၂ ရက်တွင် မင်းဓမ္မပန်းကွင်း ပတ်လည်ကို ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီ၊ ပန်း ဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ ခြံစည်းရိုး
ကာရံမှုအား ဟန့်တားနှောင့်ယှက်၍ စည်ပင် ၀န်ထမ်းများ ဒဏ်ရာရရှိအောင်
ပြုလုပ်မှုကို ဦးဆောင်သူ ခြောက်ဦးအား စည်ပင်မှ မရမ်းကုန်းမြို့နယ်
ရဲစခန်းတွင် တရားစွဲဆိုခဲ့ကြောင်း သတင်းရရှိသည်။
ထိုသို့ ခိုက်ရန်ဖြစ်ပွားမှုအပြီး စည်ပင်ဘက်မှ တာဝန်ရှိသူများနှင့်
ဝန်ထမ်းများ သြဂုတ် ၂ ရက် နံနက် ၁၀ နာရီခန့်တွင် အဆိုပါနေရာမှ
ပြန်လည်ထွက်ခွာလာခဲ့ကြောင်းနှင့် ခြံစည်းရိုးခတ်မှုအား နှောင့်ယှက်မှုကို
ဦးဆောင်သည့် မင်းဓမ္မပန်းကွင်း အတွင်းရှိ
ပန်းဆိုင်လုပ်ငန်းရှင်များဖြစ်သည့် ဦးဖြိုးဇော်မင်းနှင့် ဒေါ်နီဝါလွင် တို့
အပါအ၀င် ခြောက်ဦးအား မရမ်းကုန်းမြို့နယ် ရဲစခန်းတွင် မမစ (ပ)၃၂၀/၁၃၊
ပြစ်မှုပုဒ်မ -၂၉၄/၃၃၂/ ၁၁၄ ဖြင့် သြဂုတ် ၂ ရက် မွန်းလွဲပိုင်းတွင်
အမှုဖွင့်ထားခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊
ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ သိရသည်။
သြဂုတ် ၃ ရက် နံနက် ၆ နာရီအချိန်တွင် စည်ပင်မှ တာဝန်ရှိသူများ
ခြံစည်းရိုး ခတ်ထားသည့် နေရာအား စစ်ဆေးစဉ် မင်းဓမ္မလမ်းပေါ်ရှိ
မင်းဓမ္မလမ်းနှင့် MCC လမ်းထောင့်နေရာတွင် ၁၈ ပေခန့် ပျက်စီးနေသည်ကို
တွေ့ရှိခဲ့ရခြင်းကြောင့် ဖျက်ဆီးခဲ့သူများအား အရေးယူနိုင်ရန်
မရမ်းကုန်းမြို့နယ် ရဲစခန်းတွင် ပြည်သူ ပိုင်ပစ္စည်း ဖျက်စီးမှုပုဒ်မ
၆(၁)ဖြင့် အမှုဖွင့်ထားပြီး ကျန်ရှိသော ကိစ္စရပ်များအား ရဲစခန်းမှ
ဆက်လက်ဆောင်ရွက် သွားမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊
ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနမှ တာဝန်ရှိသူ တစ်ဦးက သြဂုတ် ၃ ရက်
မွန်းလွဲပိုင်းတွင် ပြောကြားသည်။
EMG
0 comments:
Post a Comment